အမျိုးသမီးနှင့် နှလုံးရောဂါ (NEJ / ၁၇ ဖေဖော်ဝါရီ ၂၀၀၉၊ ခေတ်ပြိုင်)
-နှလုံးရောဂါရနေသည့် အမေရိကန် အမျိုးသမီးပေါင်း (၈) သန်းရှိသည်။
-နှလုံးရောဂါရှိခဲ့သူ အမျိုးသမီးပေါင်း (၆) သန်းရှိသည်။
-နှစ်စဉ် နှလုံးရောဂါဒဏ်ခံရသည့် အမေရိကန် အမျိုးသမီးပေါင်း (၄၃၅,၀၀၀) ရှိသည်။
-အမေရိကန်နိုင်ငံသူတွေ အသက်ဆုံးရသည့် အကြောင်းများအနက် နှလုံးရောဂါကြောင့် သေသူ (၃၂) ရာခိုင်နှုန်း ရှိသည်။
-နှလုံးရောဂါကြောင့် နှစ်စဉ်သေဆုံးသူ အမေရိကန် အမျိုးသမီးပေါင်း (၂၆၇,၀၀၀) ရှိသည်။
(ဖေဖော်ဝါရီ ၁၈၊ ၂၀၀၉) အထက်ပါ သတင်းစစ်တမ်းလေးကို ဖတ်လိုက်ရတော့ ကိုယ်တွေ့အဖြစ်လေးကို ပြေးသတိရမိပါရဲ့။ ကျနော် တို့မိသားစု ရန်ကုန်ကို ပြောင်းပြီး မကြာခင်မှာ နယ်ဘက်က အသိအင်္ဂျင်နီယာ မလေးတယောက် ရန်ကုန် မှာ အလုပ်လုပ်ရင်း သူ့အမေကို ရန်ကုန်အလည်ခေါ်တာပေါ့။ ဘာပဲဖြစ်ဖြစ် ကျေးလက်က မိဘဆိုတာ ကိုယ့်သားသမီး ရန်ကုန်မှာ အလုပ်လုပ်တယ်၊ အလည်ခေါ်တယ်ဆိုတော့ မော်မဆုံး ပျော်မဆုံး ဂုဏ်ယူ မဆုံးပေါ့။ မိဘဆိုတာ သားသမီးလုပ်စာ စားရတာ မစားရတာထက် သားသမီးက ကိုယ့်ကို ဂရုတစိုက် ရှိ တယ်ဆိုရင်ပဲ ကျေနပ်ကြတဲ့ မဟာလူသားတွေပဲ မဟုတ်လား။
ဒီလိုနဲ့ ရန်ကုန်တလွှား ဘုရားဖူးသွားပေါ့။ ဗမာပြည်မှာရှိကြတဲ့ ကျေးလက်က လူကြီးအများစု ပြောကြတာ ရှိတယ်လေ “ရန်ကုန်ရောက်ပြီး ရွှေတိဂုံကို ဖူးရရင် သေပျော်ပါပြီ” တဲ့။ အခုလဲ သမီးချစ် မိခင်ဟာ “ရန်ကုန် ဘုရားစုံဖူးရလို့ သေပျော်ပါပြီ” လို့ မပြောရုံပါပဲ။ အသက် (၆၀) ၀န်းကျင်အရွယ် မိခင်ဆိုတော့ အရွယ်ရှိ သေးတယ်-လို့ ပြောရမှာပေါ့။ ဒါပေမဲ့ ကျေးလက်မှာ မွေးဖွား၊ လယ်နဲ့ နွားနဲ့ ရုန်းကန် ခဲ့ရသူဖြစ်လို့ ရန်ကုန်အမြင်မှာတော့ အသက် (၇၀) ၀န်းကျင်ပေါ့။ ဘာပဲပြောပြော မာဆဲသာဆဲလို့ ဆိုရမှာ ပေါ့။
ဒါပေမဲ့ ဘုရားဖူးသွားရင်း အနဲငယ် မောပမ်းတာကို ချစ်သမီးက သတိထားမိတယ်။ ဒါနဲ့ ရွာမပြန်ခင် မှာ ဆရာဝန်နဲ့ ပြပေးမယ်ပြောတော့ “ညီးကလဲအေ.. ရှာရှာပေါက်ပေါက် မလိုပါဘူး..၊ သွေးဆေးလေး သောက်လိုက်ရင် ပျောက်သွားတာပဲဥစ္စာ..” တဲ့။ မိခင်ရဲ့ ပြုံးနေတဲ့ မျက်နှာကို ကြည့်ခြင်းအားဖြင့် “ဒါမှ ငါ့ သမီးဟဲ့..” လို့ လက်ခမောင်းခတ် မအော်ရုံတမယ်ပါပဲ။ နောက်နေ့မှာ မိခင်ကြီးကို ဆေးခန်းပို့ပါလေရော။ ဆရာဝန်ကြီးနဲ့ပြ။ အိမ်ပြန်ရောက်ပြီး မိခင်ကြီး ကျနော့အမေနဲ့ အိမ်ရှေ့မှာ စကားပြောနေတုန်း အိမ်နောက် ကိုလာပြီး သမီးချစ်ခမျာ ငိုပါလေရော။
ကျနော်က အကြောင်းစုံကို မေးလိုက်တော့ “အမေ့မှာ နှလုံးရောဂါ ရှိနေတယ်..” လို့ ဆရာဝန်ကြီး က ပြောတဲ့အကြောင်း ပြန်ပြောပြလို့ ကျနော်လဲ မနေနိုင်တာနဲ့ “မာမာကလဲကွာ..၊ အဲဒီလို ပြောတိုင်းသာ ငိုနေရရင် တို့တနိုင်ငံလုံး မျက်ရည်နဲ့တောင် မြောသွားနိုင်တယ်” လို့ ပြောလိုက်တော့၊ “အကိုကလဲ ဘာဆိုင်လို့လဲ..” ဆိုတဲ့ ကျနော်အလိုချင်ဆုံး မေးခွန်းလေး ထွက်လာပါတော့တယ်။ ဒါနဲ့ ကျနော်လဲ ရှင်းပြ လိုက်တယ်…
“အေး.. မာမာလဲ ပညာတတ်ပဲ နားလည်မှာပေါ့။ တို့ဆီမှာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး.. အရေးပေါင်းစုံ အခက်ကြုံနေရလို့ ကိုယ့်ဆီမှာ ဧည့်သည်လာလို့မှ ဧည့်ဝတ်မကျေနိုင်တဲ့ အခြေအနေ၊ ဧည့်ဝတ်ကျေသည်ထားဦး.. ကိုယ့်အိမ်မှာ ဧည့်သည်ညအိပ်မှာ စိုးရိမ်နေရတဲ့ ခေတ်ပျက်မှာ ဘယ်သူ စိတ် ချမ်းသာမှာလဲ။ ကိုယ့်ပြည်တွင်းမှာ သွားရေးလာရေးလဲ မလွယ်၊ စစ်ရေးကြောရေးကလဲ များ၊ မသူတော်တွေ ထင်တိုင်းကျဲနေတဲ့ အခါမျိုးမှာ မာမာကိုယ်တိုင် ဆေးစစ်ကြည့်လဲ နှလုံးရောဂါရှိတယ် ပြောလိုက်မှာပဲ။ ကိုယ်တို့ဆီမှာ စစ်မှန်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု မရှိလို့သာ မသိရတာ။ မှတ်မိသေးလား.. Signature Camping တုန်းက လက်မှတ်လေး ထိုးမိလို့ မာမာကိုယ်တိုင် တပတ်လောက် ခပ်ရွံ့ရွံ့ ဖြစ်နေတာလေ။ အဲဒါမျိုးတွေဟာ နှလုံးရောဂါရခြင်း အကြောင်းတွေထဲမှာ ပါတယ်လေ။ ကဲ.. ဒီတော့ ဆေးသွားစစ်ဖို့ ခေါ် သွားတဲ့သူမှာ အပြစ်အရှိဆုံးပဲ..” လို့ ပြောလိုက်တော့ “မာမာမှာ အပြစ်ရှိတယ်၊ ဟုတ်လား..?” တဲ့။ “နောက်တာပါကွာ..။ ခုလို မာမာ အမေ့ကို စောင့်ရှောက်တာကြည့်ပြီး တကယ်ဂုဏ်ယူပါတယ်။ ဘာပဲ ဖြစ်ဖြစ် သိထားတော့ ဆင်ခြင်လို့ ရတာပေါ့။ စောင့်ရှောက်လို့ ပိုလွယ်တာပေါ့..” လို့ ရှင်းပြလိုက်မှ “အင်း.. ဟုတ်သားပဲလေ..” လို့ ဆိုကာ သက်သာရာရသွားလေရဲ့။
ဒီနေရာမှာ အထက်က သတင်းစစ်တမ်းလေးဖတ်ပြီး ခံစားမိတာက “ကျန်းမာရေးစောင့်ရှောက်မှုရှိ တဲ့ အမေရိကားမှာတောင် ဒီလောက် နှလုံးရောဂါသည်များရင် လူဦးရေ သန်းပေါင်း ၅၅ ကျော်ရှိတဲ့ ကျနော် တို့ ဗမာနိုင်ငံမှာ တကယ်လို့များ စနစ်တကျ ကျန်းမာရေး စောင့်ရှောက်မှုနဲ့အတူ စာရင်းပြုစုလိုက်ရင်..
-နှလုံးရောဂါရနေသည့် ဗမာနိုင်ငံသားပေါင်း…
-နှလုံးရောဂါရှိခဲ့သူ ဗမာနိုင်ငံသားပေါင်း…
-နှစ်စဉ် နှလုံးရောဂါဒဏ်ခံရသည့် ဗမာနိုင်ငံသားပေါင်း…
-ဗမာနိုင်ငံသားတွေ အသက်ဆုံးရသည့် အကြောင်းများအနက် နှလုံးရောဂါကြောင့် ဆုံးသူပေါင်း…
-နှလုံးရောဂါကြောင့် နှစ်စဉ်သေဆုံးသူ ဗမာနိုင်ငံသားပေါင်း…
ဘယ်လောက်ဆိုပြီး ထွက်ပေါ်လာမဲ့ ဂဏန်းတွေကို မြင်ယောင်ကာ “နှလုံးသား မြို့တော်” ဆိုတဲ့ ရုပ်ရှင်ကားရှိသလို “နှလုံးရောဂါ နိုင်ငံတော်” လို့ပဲ ကမ္ဗည်းတင်ရလေမလား..” လို့ တွေးရင်းတွေးရင်း ကျနော်ကိုယ်တိုင်ပင် နှလုံးခုန်နှုန်းတွေ မြန်လာပေမဲ့ နှလုံးအထူးကုနဲ့ ပြဖို့တော့ ကြောက်ရွံ့မိပါရဲ့…
နီသွေး
Wednesday, February 18, 2009
“နှလုံးသား မြို့တော်” (သို့မဟုတ်) “နှလုံးရောဂါ နိုင်ငံတော်
Posted by koyinaw at 11:01 PM 0 comments
Labels: article
ထိုင်းနယ်စပ် ဒုက္ခသည်စခန်းတွေ နိုင်ငံခြားပို့မည့် ပွဲစားခြေချင်းလိမ် ရဲရင့်မြင့်မောင် / ၁၈ ဖေဖော်ဝါရီ ၂၀၀၉ line
18.2.09 ခေတ်ပြိုင်
တတိယနိုင်ငံ ထွက်ခွာခွင့်ရရေးအတွက် ဒုက္ခသည်စခန်းများသို့ ဝင်ရောက်လာသည့် လူသစ်များကို အခကြေးငွေယူပြီး နိုင်ငံခြားထွက်ခွာခွင့်ရရန် စီစဉ်ပေးသူများထဲတွင် ဒုက္ခသည်စခန်းမှ တာဝန်ရှိသူအချို့နှင့် ဝန်ထမ်းအချို့ ပါဝင်ပတ်သက်မှု ရှိသဖြင့် မကြာခင် ကရင်ဒုက္ခသည်ကော်မတီ KRC မှ ဝန်ထမ်းများလိုက်နာရန် စည်းမျဉ်းစည်းကမ်းချက်များ ထုတ်ပြီး အရေးယူမှုများ ပြုလုပ်သွားမည်ဟု မယ်လဒုက္ခသည်စခန်းမှ တာဝန်ရှိသူတဦးက ခေတ်ပြိုင်သို့ပြောသည်။
မယ်လဒုက္ခသည်စခန်း၏ ဒု-ဥက္ကဋ္ဌ “စောထွန်းထွန်း” ဒီပြဿနာတွေကိုကိုင်တွယ်ဖို့ ပြီးခဲ့တဲ့အပတ်က KRC အစည်းအဝေးမှာ ဆွေးနွေးခဲ့ပြီး ဝန်ထမ်းတွေလိုက်နာဖို့ စည်းမျဉ်းစည်းကမ်းတွေကို ထုတ်ပြန်ပြီး စည်းကမ်းမလိုက်နာတဲ့သူတွေကို အရေးယူသွားမှာ ဖြစ်တယ်။ အဓိက အလွဲသုံးစားမှုနဲ့ လာဘ်စားမှု တိုက်ဖျက်ရေးအတွက်ပဲ ဖြစ်တယ်။ ပြဿနာ အများဆုံးရှိတာက နို့ဖိုး၊ အုံးဖျန်နဲ့ မယ်လစခန်းပဲဖြစ်တယ်" ဟုပြောသည်။
လက်ရှိ မယ်လစခန်းတွင် တရားဝင်ဒုက္ခသည် (၂၈,၇၀၀) ခန့်ရှိပြီး စာရင်းမဝင်သေးသည့် လူသစ်ဦးရေမှာ (၂၁,၁၁၈) ဦး ရှိသည်။ ၂၀၀၆-၂၀၀၇ ခုနှစ်အတွင်း အသစ်ဝင်ရောက်လာသူ (၁၃,၀၀၀) ထဲမှ (၈,၀၀၀) ခန့်ကိုသာ ရိက္ခာပေးနိုင်မည့် အနေအထား ရှိသည့်အတွက် ဒုက္ခသည် တာဝန်ရှိသူများမှ စခန်းအတွင်း ကွင်းဆင်း၍ ရိက္ခာပေးရန် သင့်မသင့်စီိစစ်သွားမည် ဖြစ်သည်ဟု စောထွန်းထွန်းက ဆက်ပြောသည်။
တတိယနိုင်ငံ ထွက်ခွင့်ရရေးနှင့်ပတ်သက်ပြီး အဂတိလိုက်စားမှု အများဆုံးစခန်း (၃) ခုတွင် ပြည်တွင်းမှ ငွေကြေးတတ်နိုင်သူများကြောင့် စခန်းတွင်း အကျင့်ပျက်ခြစားမှုများ တနေ့ထက် တနေ့ ပိုမိုဆိုးဝါးလာပြီး အဂတိလိုက်စားမှုနှင့် ပြဿနာရှုပ်ထွေးမှုများ ဖြစ်ပေါ်လျက်ရှိနေသည်။ သို့သော် ထိရောက်သည့် အရေးယူမှုများ လုံးဝမရှိသေးကြောင်း၊ ပြည်တွင်းမှလူများ အိုးအိမ်ခြံမြေ ရောင်းပြီး ငွေထုပ်ပိုက်ကာ ပွဲစားများအစီအစဉ်ဖြင့် တတိယနိုင်ငံ ထွက်ခွာခွင့်ရ ရေး ကြိုးပမ်းကြရာမှ ဒုက္ခသည်စခန်းသမိုင်းတွင် မဖြစ်ပေါ်ဖူးသည့် အရှုပ်အရှင်းများ ဖြစ်ခဲ့ရ သည်ဟု ဒုက္ခသည်စခန်းတခုမှ ဘာသာရေးဆရာတဦးကပြောသည်။
ဒုက္ခသည်စခန်း ဝင်ရန်အတွက် မယ်လနှင့် အုံးဖျန်ဒုက္ခသည်စခန်းများတွင် လူတဦးလျှင် အနည်းဆုံး ဘတ် (၁၀,၀၀၀) ပေးရသည်ဟု စုံစမ်းသိရသည်။ ငွေပေးပြီးစာရင်းမဝင်သူ တဦးက "ကျနော်တို့အဖွဲ့ တယောက်တသောင်းပေးတာ စာရင်းဝင်တဲ့လူ ရှိသလို၊ စာရင်းမဝင်ဘဲ ငွေကုန်ပြီး ဖွတ်မရ ဓားမဆုံးဖြစ်သူတွေ အများကြီးပဲ။ (၁၀,၀၀၀) ဆိုတာက စာရင်းဝင်ဖို့ပဲ။ စာရင်းဝင်ပြီး ရိက္ခာစကေး ရရှိဖို့ကျတော့ (၂၀,၀၀၀) ကနေ (၃၀,၀၀၀) အထိ ပေးရတာတွေရှိတယ်။ ကိုယ်ကလည်း ခိုးကြောင်ခိုးဝှက်လုပ်ထားတော့ ဘယ်သူ့ကိုတိုင်လို့ တိုင်ရမှန်းတောင် မသိဘူး" ဟုခေတ်ပြိုင်သို့ပြောသည်။
အထူးသဖြင့် တတိယနိုင်ငံ ထွက်ခွင့်ရရေးနှင့်ပတ်သက်ပြီး အဂတိလိုက်စားမှု အများဆုံးစခန်းများမှာ အုံးဖျန်နှင့် မယ်လစခန်းများဖြစ်သည်။ မကြာမီ အမေရိကန်သို့ ထွက်ခွာတော့မည့် အုံးဖျန်စခန်းတွင် လူစားထိုး ဒုက္ခသည်စာရင်းဝင်ထားသူတဦးက "နိုင်ငံခြားထွက်တဲ့အဆင့်ထိ ရောက်ဖို့ဆိုရင်တော့ အနည်းဆုံး ဘတ်ငွေ (၅၀,၀၀၀) လောက်ရှိမယ်ဆိုရင် လုပ်ပေးတဲ့ပွဲစားတွေ စခန်းထဲမှာ အရန်သင့်ရှိတယ်။ ငွေရှိဖို့ပဲ လိုတယ်" ဟုပြောသည်။
လူစားထိုးခြင်း ဆိုသည်မှာ ဒုက္ခသည်စခန်းတွင် နှစ်ရှည်နေထိုင်သူအချို့မှာ တတိယနိုင်ငံသို့ ထွက်ခွာလိုခြင်း မရှိသည့်အတွက် ရပ်ကွက်မှူးများနှင့် ပွဲစားများကငွေပေးပြီး ဒုက္ခသည်အမည် ပေါက်စာရင်းကို မြန်မာနိုင်ငံမှလာရောက်သည့် ငွေရှင်များနှင့် နေရာအစားထိုးပေးခြင်းဖြစ် သည်။ တနည်းဆိုရလျင် ဒုက္ခသည်စခန်းတွင် အစောပိုင်းထဲက ရောက်နေသည့် ကရင်ဒုက္ခ သည် အစစ်တဦး၏ စခန်းတွင်းနေသည့် သက်တမ်းကာလကို အရောင်းအ၀ယ်လုပ်သည့် သဘော ဖြစ်သည်။
နှစ်ရှည်ဒုက္ခသည်တဦးဖြစ်သူ စောတကော်က "ငါတို့မိသားစု (၃) ဦး နာမည်ရောင်းဖို့ ရပ်ကွက်လူကြီးက ဘတ် (၁၅,၀၀၀) ပေးတယ်။ လူကြီးပြောတာက ငွေလည်းရမယ်၊ စခန်းကထွက်စရာမလိုဘူး၊ အရင်လို ရိက္ခာလည်း ဆက်ရမယ်ဆိုလို့ ရောင်းလိုက်တာ။ ရပ်ကွက်လူကြီး ကတိတည်တယ်၊ အားလုံးအဆင်ပြေတယ်။ ကိုယ်ကတော့ နာမည်အသစ်နဲ့ နေရတာတော့ ရှိတယ်" ဟုပြောသည်။
ထိုင်းနယ်စပ် ဒုက္ခသည်စခန်းမှတဆင့် အမေရိကန်သို့ ထွက်ခွာခွင့်ရရန် ကြိုးပမ်းနေကြသူများ ထဲတွင် မြန်မာနိုင်ငံ အနှံ့အပြားမှလာရောက်သူများသာမက စင်ကာပူ၊ မလေးရှား၊ ဂျပန်နိုင်ငံ တို့တွင် အလုပ်လုပ်နေသည့် မြန်မာတိုင်းရင်းသား အချို့လည်း ပါဝင်နေပြီး မြန်မာနိုင်ငံကူး ပတ်စ်ပို့ကိုင်ဆောင်နေသူများပါ စခန်းအတွင်းမှာ ဝင်ရောက်လှုပ်ရှားလျက်ရှိသည်ဟု ခေတ်ပြိုင်မှ စုံစမ်းသိရသည်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးနှင့် ထိုင်းအာဏာပိုင်များ၏ အစီအစဉ်ဖြင့် မြန်မာဒုက္ခသည်များကို တတိယနိုင်ငံသို့ ထွက်ခွာနိုင်ရေးအတွက် မြန်မာနိုင်ငံနေရာဒေသ အသီးသီးမှ လူများသည် ငွေထုပ်ပိုက်ကာ တတိယနိုင်ငံ ထွက်ခွာခွင့်ရရေးအတွက် ကြိုးပမ်းကြ ရာမှ စခန်းတာဝန်ရှိသူများနှင့် ဝန်ထမ်းများကြားတွင် အဂတိလိုက်စားမှုများ တိုးပွားလာခြင်း ဖြစ်သည်။
ဒုက္ခသည်အတုနည်းဖြင့် အမေရိကန်သို့ နောက်ဆုံးပေါ် လူကုန်ကူးခြင်း
Posted by koyinaw at 10:41 AM 0 comments
Monday, February 2, 2009
ပထမအကြိမ် မြန်မာကျောင်းသားရဟန်းတော်များ Intensive English Course BPS ၊ ကန္ဒီမြို့၊ သီရိလင်္ကာနိုင်ငံ
02.02.2009
ဇန်န၀ါရီလ ၁၂-ရက်နေ့မှ ၂၁-ရက်နေ့အထိ ၁၀-ရက် Intensive English Course ကို သီရိလင်္ကာရောက် မြန်မာကျောင်းသားရဟန်းတော် အပါး-၃၀ တို့ တက်ရောက် ပြီးစီးခဲ့ကြသည်။ ကုသိုလ်ပညာပါရမီအဖြစ် သင်ကြားပေးကြသော ဆရာ၊ ဆရာမများမှာ---
၁။ Mr. Ken (USA)
၂။ Mr. Don (USA)
၃။ Mr. Raj (Canada)
၎။ Mr. Lal (Sri Lanka)
၅။ Mrs. Visakha (USA)
၆။ Mrs. Lalitha (Sri Lanka) တို့ဖြစ်ကြသည်။
သင်တန်းကျင်းပရန်ခန်းမကို ကန္ဒီမြို့ Buddhist Publication Society မှ မေတ္တာဖြင့် ကူညီပေးခဲ့သည်။ သင်းတန်းကျင်းပစဉ် ၁၀-ရက်အတွင်း၌လည်း ကန္ဒီမြို့မှ ဆွမ်းအလှူရှင်များက ၃-ရက်တိတိ နေ့ဆွမ်းများ သဒ္ဓါတရားထက်သန်စွာ လှူဒါန်းခဲ့ကြသည်။
သင်တန်းဖြစ်မြောက်ရေးအတွက် Myanmar Student Monks Association (MSMA) မှ အဓိက စပွန်ဆာပေးလှူဒါန်းခဲ့ပါသည်။
Posted by koyinaw at 3:55 AM 0 comments
Labels: news. photo