10-05-2008
မဇ္ဈိမသတင်းဌာန
စနေနေ့၊ မေလ 10 2008 11:15 - မြန်မာစံတော်ချိန်
မဲဆန္ဒပေးပွဲတွေ နိုင်ငံတဝှမ်း ကျင်းပနေပြီ
လွှင့်တင်ချိန်။ ။ မေလ ၁၀ ရက်၊ ၂၀၀၈ ခုနှစ် - မြန်မာစံတော်ချိန်
မုန်တိုင်းဒဏ်ကြောင့် တတိုင်းပြည်လုံး ပူဆွေးသောက ရောက်နေသဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ (မူကြမ်း) အတည်ပြုရေးအတွက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ရက်ရွှေ့ဆိုင်းရန် မေတ္တာရပ်ခံမှုများ ကြားမှပင် မြန်မာစစ်အစိုးရက သတ်မှတ်ပြီး ဖြစ်သည့် ယနေ့တွင် နိုင်ငံတဝှမ်း၌ ဆန္ဒမဲပေးပွဲများ စတင်လိုက်ပြီ ဖြစ်သည်။
ယခု ကျင်းပဆဲ ဖြစ်သည့် ဆန္ဒပြပွဲများ၏ အခြေအနေ အရပ်ရပ်ကို မဇ္ဈိမက အချိန်နှင့်တပြေးညီ တင်ပြသွားပါမည်။
-------------------------
မုံရွာမြို့က ဆန္ဒမဲပေးပွဲမှာ မိသားစုဝင်များ ကိုယ်စား မဲပေးနိုင်တယ်
လွှင့်တင်ချိန်။ ။ မေလ ၁၀ ရက်၊ ၂၀၀၈ ခုနှစ် ၁၂း၀၀ - မြန်မာစံတော်ချိန်
“ကျနော်တို့တော့ ပြန်ခဲ့ပြီ။ ကျနော်နဲ့ တွေ့ခဲ့တဲ့ တော်တော်များများကတော့ ကြက်ခြေခတ်တွေပဲ ကြားနေရတယ်။ လုံခြုံရေး ချထားတာတွေ ရှိတယ်။ မဲရုံအနီး ပေ ၅ဝ လောက်မှာ ယူနီဖောင်း ဝတ်ထားတဲ့ ရဲတွေ စောင့်နေတယ်။ တော်ရုံတန်ရုံ နားမလည်တဲ့သူတွေ ကြောက်သွားမှာ စိုးရတယ်။ တအိမ်ထဲကနေ ပြီးတော့ မိသားစု အားလုံးအတွက် ကိုယ်စားပြုပြီးတော့ တယောက်ထဲကနေ မဲပေးလို့ရတယ်။ အိမ်ထောင်စု တော်တော်များများက တယောက်ထဲ မဲလာပေးကြတယ်။ တယောက်တမဲ မဟုတ်ဘူးအကို၊ တယောက်ထဲကနေ မိသားစုတွေအတွက် မဲပေးကြတယ်။ ဝင်ဝင်ချင်း မဲ လက်မှတ် ထုတ်ဖို့ရာအတွက် လက်မှတ်ထိုးရတယ်။ မုံရွာမြို့ မဲရုံအမှတ် ၃ ဖြစ်တယ်။
ပြည်သူတွေက သတင်းနားထောင်၊ ဘာထောင်ဆိုတော့ ရိက္ခာတွေ လက်မခံ၊ ဘာမခံဆိုတော့ လူတော်တော်များများက ဒေါသတွေ ထွက်နေတယ်။ ကိုယ်လည်းမလုပ်နိုင်၊ သူများလာလုပ်တာလည်း မကြိုက်ဘူးဆိုတော့ တော်တော်များများက မကျေနပ်ကြဘူးပေါ့။ မဲထည့်တဲ့သူတွေ တော်တော်များများ ပြောတာကတော့ ရှေ့မှာ လုပ်သွားကြတဲ့ သူတွေက ဘဝတွေနဲ့ ရင်းပြီးတော့ လုပ်နေသွားကြတယ်။ ကျနော်တို့ ဒီစာရွက်လေးပေါ်မှာ ကြက်ခြေခတ် မပေးနိုင်ရင် အင်မတန်မှ ရှက်စရာ ကောင်းတယ်။ မဲရုံမှာ မဲတွေ ရေတွက်မယ်လို့ ကြားတယ်။ ကျနော်တို့ ရပ်ကွက်က မဲရုံမှူးတွေကတော့ အရက်သမားတွေ ဖြစ်နေတယ် ခင်ဗျာ။ အရက်ဆိုင်မှာ တောက်တိုလုပ်တဲ့ သူတွေက မဲရုံမှာ စာရေး ဝင်လုပ်နေကြတယ်”
စွမ်းအားရှင်များအား စုစည်းနေ
လွှင့်တင်ချိန်။ ။ မေလ ၁၀ ရက်၊ ၂၀၀၈ ခုနှစ် ၁၁း၅၀ - မြန်မာစံတော်ချိန်
ရန်ကုန်မြို့ ပြည်သူ့ဥယာဉ်ရှိ ပြည်သူ့ ရင်ပြင်အတွင်းတွင် စွမ်းအားရှင်များအား စုစည်းနေသည်ကို ယမန်နေ့က စတင်၍ တွေ့ရှိရသည်။
ဒိုင်နာကား ၁၈ စီးခန့်နှင့် ဘက်စ်ကား ၁၀ စီးခန့် ရပ်နားထားသော ပြည်သူ့ရင်ပြင် အတွင်းတွင် လူအများအပြားအား စုစည်းနေကြောင်းတွေ့ရသည်။ တရက် ၃၀၀၀ ကျပ်နှုန်းဖြင့် ခေါ်ယူထားကြောင်း သိရှိရပြီး
ရန်ကုန်မြို့တွင်း အမှိုက်များ လိုက်လံ ရှင်းလင်းရန် ဖြစ်သည်ဟု ၀န်ထမ်းတဦးက ပြောသည်။
ကားများပေါ်သို့ လူအများအပြား ပြည့်အောင် တင်ဆောင်ကာ မောင်းနှင် ထွက်ခွာသွားခြင်းကို တွေ့ရှိရသဖြင့် အမှိုက်များ မည်သို့ ရှင်းမည်ကို မသိရသော်လည်း ယနေ့တွင် ကျင်းပမည့် လူထု ဆန္ဒခံယူပွဲ နှင့် ပတ်သက်ပြီး အသုံးချဖွယ် ရှိသည်ဟု သိရသည်။
မန္တလေးမှာ ၆ နာရီမှစတင် မဲပေး
လွှင့်တင်ချိန်။ ။ မေလ ၁၀ ရက်၊ ၂၀၀၈ ခုနှစ် ၁၁း၄၀ - မြန်မာစံတော်ချိန်
စစ်အစိုးရ၏ အခြေခံဥပဒေ မူကြမ်းအပေါ် ဆန္ဒခံယူပွဲမှာ မန္တလေးတွင် ယနေ့ နံနက် ၆ နာရီ ကတည်းက စတင်နေပြီ ဖြစ်သည်။
မန်းဒေသခံ တဦးကို ဆက်သွယ် မေးမြန်းခဲ့ရာ -
"မဲရုံကို နေ့လည်ကျမှ သွားမှာ။ ကျမကတော့ သွားပေးကို ပေးရမယ်။ ကျမတို့ ရပ်ကွက်ထဲမှာ သွားကြတဲ့သူတွေ များပါတယ်။ ကျမ အသိတယောက်ကတော့ အစက သွားပေးမယ်ဆိုပြီး ခုတော့ မသွားတော့ဘူးတဲ့။ အောက်ပြည်မှာက ဒီလောက် ဒုက္ခတွေ ရောက်နေကြတာ သူတို့လုပ်တာ မတရားဘူး မသွားနိုင်ဘူးလို့ ပြောပြီး စိတ်တွေ ဆိုးနေတယ် " ဟု မဇ္ဈိမသို့ ပြောသွားသည်။
ပြီးခဲ့သည့် အပတ်က ၀င်ရောက်ခဲ့သော နာဂစ် မုန်တိုင်းကြောင့် အပျက်အစီးများ ရှိခဲ့သော ဒေသများ ဖြစ်သည့် ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ် နှင့် ရန်ကုန်တိုင်းအတွင်းရှိ ထန်းတပင်မြို့နယ်၊ လှည်းကူးမြို့နယ်၊ မှော်ဘီမြို့နယ်၊ တိုက်ကြီးမြို့နယ်နှင့် ကိုကိုးကျွန်းမြို့နယ် စုစုပေါင်း (၅)မြို့နယ်၊ ဧရာဝတီတိုင်းအတွင်းရှိ ပုသိမ်မြို့နယ်၊ ကန်ကြီးဒေါင်မြို့နယ် ၊ သာပေါင်းမြို့နယ်၊ ကျုံပျော်မြို့နယ်၊ ရေကြည်မြို့နယ်၊ ကျောင်းကုန်းမြို့နယ်၊ ဟင်္သာတမြို့နယ်၊ ဇလွန်မြို့နယ်၊ လေးမျက်နှာမြို့နယ်။ မြန်အောင်မြို့နယ်၊ ကြံခင်းမြို့နယ်၊ အင်ဂပူမြို့နယ်၊ မြောင်းမြမြို့နယ်၊ အိမ်မဲမြို့နယ်၊ ၀ါးခယ်မမြို့နယ်၊ မအူပင်မြို့နယ်၊ ပန်းတနော်မြို့နယ်၊ ညောင်တုန်းမြို့နယ်၊ ဓနုဖြူမြို့နယ် စုစုပေါင်း (၁၉)မြို့နယ်တို့ကို ပုံမှန်အခြေအနေသို့ ရောက်ရှိပြီး ဒေသများဖြစ်၍ ယခင် သတ်မှတ်ထားသော မေ ၁၀ ရက်နေ့တွင် မဲပေးနိုင်ပြီဖြစ်ကြောင်း စစ်အစိုးရမှ ထုတ်ပြန် ကြေငြာထားသည်။
ဆန္ဒခံယူပွဲ ကျင်းပနေပြီဖြစ်
လွှင့်တင်ချိန်။ ။ မေလ ၁၀ ရက်၊ ၂၀၀၈ ခုနှစ် ၁၁း၃၀ - မြန်မာစံတော်ချိန်
စစ်အစိုးရ၏ အခြေခံ ဥပဒေအပေါ် ဆန္ဒခံယူပွဲမှာ ယနေ့ စတင် ပြုလုပ်နေပြီ ဖြစ်သော်လည်း MRTV နှင့် MRTV 4 တို့မှ ပြုလုပ်နေသော မဲဆန္ဒပေးပွဲနှင့် ပတ်သက်၍ တစုံတရာ ထုတ်ပြန် ကြေငြာခြင်း မရှိသေးပါ။
MRTV တွင် မဲဆန္ဒ သွားရောက် ပေးကြရန် နှိုးဆော်သော သီချင်းများ၊ ထောက်ခံမဲပေးရန် လှုံဆော်သံများကိုသာ ထုတ်လွှင့်လျက် ရှိသည်ကိုသာ တွေ့မြင်နေရသည်။
MRTV4 တွင်လည်း ပြီးခဲ့သည့် နေ့များက ရန်ကုန်မြို့တွင်းနှင့် လေဘေးဒဏ်သင့် နေရာအချို့တို့တွင် ပြုလုပ်ခဲ့သော ကယ်ဆယ်ရေး လုပ်ငန်း အချို့တို့ကိုသာ ပြန်လည် ပြသလျက် ရှိသည်။
Friday, May 9, 2008
မဲဆန္ဒပေးပွဲတွေ နိုင်ငံတဝှမ်း ကျင်းပနေပြီ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment