09-06-2008
နာဂစ်မုန်တိုင်းအပြီး ရန်ကုန်မြို့လယ်မှ ဂြိုလ်တုစလောင်းများ (ဓာတ်ပုံ - မိုးအောင်တင်)
ရန်ကုန်မြို့ရှိ ဂြိုဟ်တုစလောင်းပစ္စည်း ရောင်းချသည့် လျှပ်စစ်ပစ္စည်း အရောင်းဆိုင်များကို ပြီးခဲ့သည့် ဇွန်လ ၆ ရက်နေ့ မွန်းလွဲပိုင်းတွင် ရဲများက ၀င်ရောက်ရှာဖွေပြီး စလောင်းနှင့် ပတ်သက်သည့် ပစ္စည်းများ သိမ်းဆည်းသွားခဲ့သည်ဟု သိရှိရသည်။စလောင်းလိုက်လံ တပ်ဆင်သူကိုရဲလွင်က“သောကြာနေ့ ညနေပိုင်းက ဆိုင်တွေကို ၀င်ပြီး စလောင်းပစ္စည်းတွေ သိမ်းတယ်။ ရောင်းတာတွေ့ရင် ထောင်ဒဏ် ၃နှစ်ချမယ်လို့ပြောသွားတယ်။ မုန်တိုင်းတုန်းက ရန်ကုန်မြို့မှာ ရှိတဲ့ စလောင်းတွေရဲ့ ၉၀ ရာခိုင်နှုန်းလောက် ပျက်စီးသွားတာ။ အခု ပြန်ပြင်နိုင်တဲ့သူတွေ ပြန်ပြင်ကြတုန်း ပစ္စည်းတွေ ၀င်ဖမ်းတာပဲ” ဟုပြောသည်။
ရန်ကုန်နှင့် မန္တလေး စသည့်မြို့ကြီးများတွင် အဓိက လိုက်လံ သိမ်းဆည်းခြင်း ဖြစ်ပြီး နယ်မြို့ငယ်များတွင်မူ သိမ်းဆည်းရန် လာရောက်ပြောဆိုခြင်းမရှိသေးကြောင်း သန်လျင်မြို့နေ စီးပွားရေး လုပ်ငန်းရှင် တဦးကပြောသည်။
ရန်ကုန်အခြေစိုက် သတင်းထောက်တဦးကလည်း “စလောင်းဆိုင်တွေမှာသွားမေးရင် ပစ္စည်းပြတ်နေတယ်ပဲ ပြောကြတယ်။ ဆင်တဲ့သူကနေ တဆင့်ဝယ်မှ ရောင်းတယ်။ အဲဒါလည်း ဆိုင်နဲ့သိတဲ့ ဖောက်သည်မှ ရောင်းရဲတာ” ဟု ပြောသည်။
ဂြိုဟ်တုစလောင်းမှ နေ့စဉ် ထုတ်လွှင့်လျက်ရှိသည့် နော်ဝေအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗီဘီ) ၏ မြန်မာပိုင်း အစီအစဉ် အပါအဝင် အယ်လ်ဂျားဇီးယား၊ စီအန်အန် စသည့် သတင်းအစီအစဉ်များတွင် ပြသနေသော မြန်မာပြည်နှင့် ပတ်သက်သည့် အခြေအနေမှန်များကို ပိတ်ဆို့လိုသဖြင့် စလောင်းပစ္စည်းများကို ဖမ်းဆီးခြင်း ဖြစ်နိုင်ကြောင်း ရန်ကုန်မြို့ခံ များကပြောဆိုသည်။
ဇွန်လ ၆ရက်နေ့ထုတ် အစိုးရသတင်းစာ နောက်ကျောဖုံးတွင် ဧရာဝတီတိုင်း လေဘေးဒဏ်ခံရသည့် လပွတ္တာ ဘိုကလေး စသည့် မြို့နယ်များမှ အဖြစ်အပျက်များကို ဗီဒီယိုရိုက်ကူးပြီး ပြည်ပသတင်းဌာနများသို့ ရောင်းစား ကိုယ်ကျိုးရှာနေသူများ ရှိကြောင်းနှင့် ထိုသူများကို အမျိုးသားရေးစိတ်ဓာတ်ဖြင့် ရှောင်ရှားကြပါရန် ရေးသားထားသည်ကို တွေ့ရသည်။
ပြီးခဲ့သည့် ဇန်န၀ါရီလဆန်း ၁ရက်နေ့တွင်လည်း ဂြိုဟ်တု စလောင်း လိုင်စင်သက်တမ်းလဲလှယ်မည့်သူများအား နှစ်စဉ်ကြေး ကို ၁၂၀၀၀ ကျပ်မှ ၁၀သိန်းကျပ် အသစ်လုပ်ဆောင်မည့်သူများအနေဖြင့် ကျပ်သိန်း ၂၀ သို့ တိုးမြှင့်သည့် ညွှန်ကြားချက် ထုတ်ပြန်ခဲ့ပြီး စလောင်းသုံးစွဲသူများအကြား ကြီးမားသည့် ဂယက်ရိုက်ခတ်ခဲ့သည်။ ထို့နောက် သီတင်းပတ် ၂ ပတ်ကျော် အကြာတွင်အဆိုပါ ညွှန်ကြားချက်ကို ဆိုင်းငံ့ထားပြီး ဘဏ္ဍာရေး နှစ်ကုန်သည့် မတ်လ ၃၁ရက်ထိ မည်သည့်ညွှန်ကြားချက် အသစ်မှ ထပ်မံ မထွက်ပေါ်ခဲ့ပေ။
Monday, June 9, 2008
ဂြိုဟ်တုစလောင်း အရောင်းဆိုင်များကို ရှာဖွေဖမ်းဆီး
Posted by koyinaw at 2:39 AM
Labels: news. photo
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment