ဒီမိုကရေစီရေးလုပ်ရှုားနေကြသောမျိုးချစ်မြန်မာများအားလုံးက "မိစ္ဆာဒိဋ္ဌိခေါ် "န အ ဖ" တို၏ မေလ-၁၀-ရက်နေ့ ဆန္ဒခံယူပွဲကို ရဲရဲဝံ့ဝံ့ကြီး ကြက်ခြေခတ်ကြပါ၊၊

Photobucket

Thursday, June 26, 2008

မုန်တိုင်းမိဒေသများမှ ကျွဲ နွားများ ခွာနာလျှာနာ ရောဂါ ဆိုးရွားစွာခံစားနေရ

26-06-2008


နာဂစ်မုန်တိုင်းဒဏ် ခံခဲ့ရသော ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်းအတွင်းရှိ မြို့နယ်များမှ ကျွဲ၊ နွားများတွင် ခွာနာ လျှာနာရောဂါများ ကူးစက်ဖြစ်ပွားလျှက်ရှိကြောင်း မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီးဋ္ဌာန၊ မွေးမြူရေး နှင့်ကုသရေး ဦးစီး ဋ္ဌာနမှ စုံစမ်းသိရှိရသည်။မုန်တိုင်းဒဏ်ကြောင့် သေဆုံးမှုမရှိဘဲ ကျန်ရစ်ခဲ့သော ကျွဲနွားများ၏ သုံးပုံ ၂ ပုံခန့်မှာ ယခုအခါ ခွာနာလျှာနာ ရောဂါ များဖြစ်ပွားလျက်ရှိပြီး ၎င်းရောဂါသည် မိုးရာသီတွင် ဖြစ်ပွားတတ်သော်လည်း ယခုနှစ်တွင် နှစ်နှစ်ဆယ် ကာလအတွင်း ဖြစ်ပွားနှုန်း အများဆုံးဖြစ်နေကြောင်း အဆိုပါ ဋ္ဌာနမှ တိရစ္ဆာန်ဆေးကုဆရာဝန် တဦးက ပြောပြသည်။

မုန်တိုင်းသင့်ဒေသများမှ ရောဂါဖြစ်ပွား လျက်ရှိသော ကျွဲနွားများမှာ ပါးစပ်မှ အမြှုပ်တစီစီထွက်ခြင်း၊ လျှာနာပြီး အစာ မစားနိုင်တော့ခြင်းနှင့် လမ်းမလျှောက် နိုင်တော့ခြင်းများဖြစ်ကာ တချို့မှာ တနေ့တခြား ရောဂါပြင်းထန်လာ

ကြောင်း သိရှိရသည်။

ခွာနာ လျှာနာရောဂါသည် ကျွဲ၊ နွား၊ သိုး၊ ၀က်၊ ဆိတ် စသည့် သတ္တ၀ါတို့တွင် ဖြစ်ပွားတတ်သော ကူးစက် ရောဂါတမျိုးဖြစ်ပြီး ရောဂါ ကူးစက်ပျံ့နှံလွယ်ကာ သေဆုံးနိုင်ခြေ ရာခိုင်နှုန်း ၈၀ ခန့် ရှိကြောင်း အဆိုပါ ဆရာဝန်က ဆိုသည်။

“နာဂစ်ကြောင့် အသက်မသေဘဲ ကျန်ခဲ့တဲ့ ကျွဲတွေ၊ နွားတွေကို လယ်ထဲမှာ ပြန်ခိုင်းလို့မရ သေးပါဘူး။ တချို့ နွားတွေ ဆိုရင် စားကျက်မှာ လွှတ်ထားရုံနဲ့တင် သေသွားတာမျိုးတွေ ရှိတယ်။ သူတို့တွေလည်း လူတွေလိုပါပဲ ပြန်အလုပ်လုပ်နိုင်ဖို့ အချိန်လိုပါတယ်” ဟု အင်းစိန် ရုံးချုပ်မှ တိရိစ္ဆာန်ဆေးကု ဆရာဝန်တဦးက သုံးသပ်သည်။

အဆိုပါ ရောဂါဖြစ်ပွားလျှက်ရှိသော ဒေသများရှိ ကျွဲနွားများတွင်တွေ့ရသော ခွာနာ လျှာနာပိုးမှာ ဗိုင်းရပ်စ် အို အမျိုးအစား ဖြစ်ပြီး အခြားတိရစ္ဆာန်များသို့ အလွယ်တကူ ကူးစက်နိုင်သော ရောဂါဖြစ်ကြောင်း တာဝန်ရှိသူများ၏ စစ်ဆေးတွေ့ရှိချက် အရ သိရသည်။

ခွာနာလျှာနာရောဂါ၏ သဘာဝအရ မိုးတွင်းကာလတွင် ဖြစ်ပွားပြီး တံတွေး၊ ဆီး၊ ၀မ်း၊ သွေးနှင့် နို့ရည်တို့မှတဆင့် ကူးစက် နိုင်သကဲ့သို့ လေနှင့် စားကျက်များမှ တဆင့်လည်း ကူးစက် နိုင်ကြောင်း သိရှိရသည်။ ရောဂါဖြစ်ပွားပြီး သေဆုံးသွားသော တိရိစ္ဆာန်တို့၏ အသားကို စားမိသူများ၊ ကိုင်တွယ်မိသူများ အနေနှင့်လည်း ရောဂါ ကူးစက်နိုင်သည်ဟု တိရိစ္ဆာန် ဆေးကု ဆရာဝန်က ပြောပြသည်။

မုန်တိုင်းသင့်ဒေသများတွင် အသက်သေဆုံးခြင်းမရှိဘဲ ကျန်ရစ်ခဲ့သော ကျွဲ၊နွားများကို မိုးစပါးအမီ စိုက်ပျိုးနိုင်ရေး အတွက် လယ်ယာလုပ်ငန်းခွင်တွင် အတင်းစေခိုင်းခြင်းများ မပြုလုပ်သင့်ကြောင်းနှင့် အဆိုပါ ကျွဲနွားများသည် ခုခံအားနည်းလျက်ရှိ သောကြောင့် ရောဂါအလွယ်တကူ ၀င်ရောက်ရခြင်းဖြစ်ကြောင်း တိရိစ္ဆာန်ဆေးကု ဆရာဝန်များ အသိုင်းအ၀န်းမှ ကြားသိရသည်။

မြန်မာအစိုးရသည် မိုးစပါးအမီစိုက်ပျိုးနိုင်ရေးအတွက် ဒေသတချို့မှ လေဘေးဒုက္ခသည်များကို လုပ်ငန်းခွင် ၀င်ရောက် စိုက်ပျိုးရန် တွန်းအားပေးလျက် ရှိပြီး ခိုင်းနွား နှင့် ကျွဲများ ကိုလည်း လုပ်ငန်းခွင်အတွင်း စတင်ခိုင်းစေလျက်ရှိကြောင်း သိရှိရသည်။

ခွာနာလျှာနာရောဂါ ဖြစ်ပွား ပျံ့နှံလျက်ရှိသော မြို့နယ်များမှာ ဧရာဝတီတိုင်းအတွင်းမှ လပွတ္တာ၊ ဒေးဒရဲ၊ ဖျာပုံနှင့် ကျိုက်လတ် စသည့်မြို့နယ်များဖြစ်ကြပြီး ရန်ကုန်တိုင်းတွင် ကော့မှူးမြို့နယ်နှင့် ကွမ်းခြံကုန်းမြို့နယ်၊ ပဲခုးတိုင်းတွင် က၀မြို့နယ်တို့ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းအတွင်းရှိ လယ်ယာကဏ္ဍတွင် အရေးပါသည့် ခိုင်းကျွဲကောင်ရေ စုစုပေါင်း ၂၆၀၈၂၀ ရှိရာမှ နာဂစ်မုန်တိုင်း ကြောင့် ၁၁၁၄၂၀ သေဆုံးခဲ့ပြီး ခိုင်းနွား စုစုပေါင်း ၃၈၄၈၁၈ ကောင် ရှိရာမှ ၃၇၁၀၂ ကောင် သေဆုံးခဲ့ကြောင်း ဇွန်လဆန်း ပိုင်းတွင် ထုတ်ပြန်ခဲ့သော လယ်ယာစိုက်ပျိုးရေး နှင့် ဆည်မြောင်းဝန်ကြီးဋ္ဌာနမှ စာရင်းများအရ သိရသည်။

ဧရာဝတီတိုင်းတွင်လည်း ခိုင်းကျွဲ စုစုပေါင်း ၂၁၃၉၄၁ ကောင် ရှိရာ ၁၀၅၈၂၅ ကောင်သေဆုံးခဲ့ပြီး ခိုင်းနွား စုစုပေါင်း ၁၈၇၇၈၉ ကောင် ရှိရာ ၃၅၁၂၇ ကောင် သေဆုံးခဲ့ကြောင်း စာရင်းဇယားများအရ သိရှိရသည်။

မြန်မာအစိုးရအနေနှင့် မုန်တိုင်းဒဏ်ခံခဲ့ရသော မြစ်ဝကျွန်းပေါ်ဒေသများမှ ဒေသတချို့သို့ လယ်ယာ လုပ်ငန်းခွင်အတွက် ကျွဲကောင်ရေ ၆၀၀၀ ပေးပို့ရန် စီစဉ်လျက်ရှိပြီး အက်ဖ်အေအို အနေနှင့် မုန်တိုင်းသင့် ဒေသများသို့ ကျွဲ၊ နွား ကောင်ရေ ငါးထောင်နှင့် သုံးလစာ တိရိစ္ဆာန်အစာများ ထောက်ပံ့ပေး နိုင်ရေးအတွက် စီစဉ်နေကြောင်း သက်ဆိုင်ရာ သတင်းဌာနများ၏ ထုတ်ပြန်ချက် များအရ သိရှိရသည်။

“စိုက်ပျိုးထွန်ယက်ဖို့အတွက် ကျန်ခဲ့တဲ့ ကျွဲနွားတွေကို လုံးဝ အသုံးမပြုသင့်တော့ဘူး။ စားသုံးတဲ့သူတွေကနေ တဆင့်လည်း ကူးစက်နိုင်တဲ့အတွက် သူတို့တွေကို ဘေးမဲ့သဘောမျိုးပဲ ထားသင့်ပါတယ်” ဟု တိရိစ္ဆာန် ဆေးကုဆရာဝန်တဦးက အကြံပြုပြောဆိုသည်။
ထွန်စက်တစီးအနေနှင့် အကြမ်းဖျင်း ကျွဲ၊ နွား လေးရှဉ်း ထွန်ယက်သည်နှင့် ညီမျှသည့် အတွက် လယ်ယာစိုက်ပျိုးရေးတွင် ထွန်စက်ကိုသာ အဓိက အားထားသင့်ကြောင်း လယ်သမားများက ပြောပြသည်။

0 comments: