ဒီမိုကရေစီရေးလုပ်ရှုားနေကြသောမျိုးချစ်မြန်မာများအားလုံးက "မိစ္ဆာဒိဋ္ဌိခေါ် "န အ ဖ" တို၏ မေလ-၁၀-ရက်နေ့ ဆန္ဒခံယူပွဲကို ရဲရဲဝံ့ဝံ့ကြီး ကြက်ခြေခတ်ကြပါ၊၊

Photobucket

Thursday, June 12, 2008

နီပေါဘုရင်ဟောင်း နန်းမှစွန့်ခွာ

12-06-2008
နီပေါဘုရင်ဟောင်း ဂျန်နန်ဒရာသည် ၎င်း၏ နန်းတော်အား စွန့်ခွာ၍ မြို့တော်ပြင်ပ နာဂါဂျန်
အရပ်ရှိ ယာယီနေအိမ်သို့ ယမန်နေ့က ပြောင်းရွှေ့သွားပြီဖြစ်သည်။

နီပေါကွန်မြူနစ်ပါတီ (မော်ဝါဒီ) အများစု ပါဝင်သော ရွေးကောက်ခံ ကွန်ဂရက်က နီပေါတွင် ဘုရင်စနစ် အဆုံးသတ်စေရမည်ဟူသည့် ဆုံးဖြတ်မှုကို ၎င်းအနေဖြင့် လက်ခံကြောင်း ယမန် နေ့တွင်ပြုလုပ်သည့် သတင်းစာရှင်းပွဲ၌ ဂျန်နန်ဒရာက ပြောသည်။

၎င်းက “ကျနော်ဟာ ပြည်သူတွေရဲ့ ဆုံးဖြတ်ချက်ကို လေးစားပါတယ်။ ငြိမ်းချမ်းရေး တည်ဆောက် ရာမှာ ကူညီနိုင်ဖို့အတွက် နီပေါနိုင်ငံထဲမှာပဲ ဆက်ပြီး နေထိုင်သွားမှာပါ” ဟု သတင်းထောက်များကို ပြောသည်။

ထို့အပြင် ရှာမင်းဆက်၏ အာဏာပိုင်ဆိုင်မှု လက္ခဏာများဖြစ်သော စိန်စီသရဖူ၊ ဒေါင်းငှက်မွှေး တောင်နှင့် အခမ်းအနားသုံး တိဘက်ရှားပါး နွားဆံမွှေးတို့အား ဥပဒေပြု အမတ်အသစ်များထံ လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်ကြောင်း ၎င်းက ပြောသည်။

ပြီးခဲ့သည့် သီတင်း (၂) ပတ်က ကျင်းပခဲ့သော ရွေးကောက်ခံ အမတ်များ၏ ကွန်ဂရက်အစည်း
အဝေး၌ သက်တမ်း (၂၃၉) နှစ်ရှိ နီပေါ ရှာမင်းဆက်အား တရားဝင် ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။

ဂျန်နန်ဒရာ၏ တူဖြစ်သူ အိမ်ရှေ့မင်းသားက အရက်နှင့် မူးယစ်ဆေးမူးကာ ၂၀၀၁ ခု၌ တော်ဝင်
မိသားစုဝင် အများစုအား သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီးသည့်နောက် ဂျန်နန်ဒရာ ဘုရင်ဖြစ်လာခြင်း ဖြစ်သည်။ အဆိုပါ သတ်ဖြတ်မှုကြောင့် ဘုရင်စနစ်၏ အာဏာပိုင် ရပ်တည်မှုအတွက် အရိပ်မဲများ ထင်ဟပ်ခဲ့သည်။

ဂျန်နန်ဒရာက ယင်းသတ်ဖြတ်မှုနောက်ကွယ်၌ ၎င်းပါဝင်ပတ်သက်နေသည်ဟူသော လူထုအကြား ဖြစ်ပွားနေသည့် ကောလာဟလနှင့် ပတ်သက်၍ ပယ်ချခဲ့ပြီး ၎င်း၏ ဇနီးမှာလည်း ကျည်ဆန်များ ထိမှန်ခဲ့ကြောင်း ပြောသည်။

၎င်းက “၂၀၀၁ ခု ဖြစ်ပွားမှုမှာ ကျနော့်မှာ ဆုံးသွားတဲ့ ညီအစ်ကိုမောင်နှမတွေ၊ တူ တူမတွေ အတွက် ပူဆွေးမျက်ရည်ကျဖို့တောင် အခြေအနေ မပေးခဲ့ပါဘူး။ အဲဒီ စွပ်စွဲချက်ဟာ လူသား မဆန်ပါဘူး” ဟု ပြောသည်။

ဂျန်နန်ဒရာသည် နန်းတော်နှင့် နိုင်ငံတော်လစာ ဗြိတိန်ငွေ စတာလင်ပေါင် (၁.၅) သန်းတို့ ဆုံးရှုံး ခဲ့သော်လည်း နိုင်ငံခြားခရီးသွားလုပ်ငန်း၊ လက်ဖက်နှင့် ဆေးရွက်ကြီးလုပ်ငန်းများမှ ၀င်ငွေများ ရှိနေသေးသည်။ သို့သော် ဘုရင်ဟောင်းသည် ၎င်း၏ ပိုင်ဆိုင်မှု အမြောက်အမြားကို နိုင်ငံခြားသို့ ပို့ဆောင်ခဲ့သည်ဟူသော စွပ်စွဲချက်များ ရှိနေသည်။

အဆိုပါ စွပ်စွဲချက်များနှင့် ပတ်သက်၍ ဂျန်နန်ဒရာက “ကျနော့်ပိုင်ဆိုင်မှုတွေ နိုင်ငံခြားမှာ ရှိတယ် ဆိုတဲ့ စွပ်စွဲချက်တွေလည်း ရှိခဲ့ပါတယ်။ တကယ်တော့ ကျနော့်ပိုင်ဆိုင်မှု အားလုံးဟာ နီပေါနိုင်ငံ မှာပဲရှိတာပါ။ အဲဒီပိုင်ဆိုင်မှုတွေကိုလည်း အခု ပြည်သူပိုင်လုပ်လိုက်ပါပြီ။ ပြီးခဲ့တဲ့ (၇) နှစ်အတွင်း ကျွန်တော် ဘာမှ မစုဆောင်းခဲ့ပါဘူး” ဟု ပြောသည်။

လေ့လာအကဲခတ်သူများကမူ ဂျန်နန်ဒရာသည် ဆုံးရှုံးမှုများအတွက် ၎င်းကပင် ဖန်တီးခဲ့ခြင်း ဖြစ်သည်ဟု မြင်ကြသည်။ ၂၀၀၅ ခု၌ မော်ဝါဒီကွန်မြူနစ်သူပုန်များအား တိုက်ခိုက်ရန် အကြွင်းမဲ့ အာဏာလိုသည်ဟု အကြောင်းပြ၍ ပြည်သူ့အစိုးရထံမှ အာဏာသိမ်းပိုက်ခဲ့ခြင်းသည် ၎င်းအတွက် အားနည်းချက် ဖြစ်ပေါ်စေခဲ့ကြောင်း၊ ထို့နောက် တနှစ်အကြာ၌ လူစုလူဝေးဖြင့် ဒီမိုကရေစီ တည်ဆောက်ပေးရန် တောင်းဆိုမှုများနှင့် ရင်ဆိုင်ခဲ့ရကြောင်း အကဲခတ်များက ပြောကြသည်။

ဘုရင်ဟောင်းသည် ယခုအခါ သာမန်ပြည်သူတဦးသာ ဖြစ်သွားပြီး ဒီမိုကရေစီသဘောအရ နိုင်ငံရေးအတွင်း ပါဝင်ပတ်သက်လိုလျှင် လူထုထောက်ခံမှုအပေါ်တွင်သာ မူတည်ကြောင်း လေ့လာသုံးသပ်သူအချို့က ပြောကြားသည်။

ဂျန်နန်ဒရာနေထိုင်ခဲ့သော မြို့တော် ကတ်မန်ဒူအတွင်းမှ နန်းတော်အား ပြည်သူပိုင်ပြတိုက်အဖြစ် ဆက်လက်ထားရှိမည်ဖြစ်ပြီး ပြည်ထဲရေးဝန်ကြီး ခရစ်ရှနာ ပရာဆဒ် စီတလာက ဘုရင်ဟောင်း ယူသွားသည့် ပစ္စည်းနှင့် ချန်ထားခဲ့သောပစ္စည်းများ၏ အသေးစိတ်စာရင်းအား ပြည်သူများထံ တရားဝင် ထုတ်ပြန်ဖော်ပြသွားမည်ဖြစ်သည်။ ။
Guardian /BBC

0 comments: