ဒီမိုကရေစီရေးလုပ်ရှုားနေကြသောမျိုးချစ်မြန်မာများအားလုံးက "မိစ္ဆာဒိဋ္ဌိခေါ် "န အ ဖ" တို၏ မေလ-၁၀-ရက်နေ့ ဆန္ဒခံယူပွဲကို ရဲရဲဝံ့ဝံ့ကြီး ကြက်ခြေခတ်ကြပါ၊၊

Photobucket

Wednesday, August 12, 2009

အေးချမ်းမှုကို မလဲနိုင်ပါ

12-8-2009
မြန်မာနိုင်ငံ အောက်ပိုင်းက မြို့ တစ်မြို့မှာ မိမိ သီတင်းသုံးနေစဉ် နယ်စပ်က ရွာလေး တစ်ရွာမှာ ကျောင်းမနေနိုင်တဲ့ ကလေးတွေကို ဘာသာခြားတွေက ခေါ်သွားပြီး သူတို့က ကျောင်းထားပေးတယ် တဲ့။ အဲဒီလိုနဲ့ပဲ ကလေးတွေဟာ ဘာသာခြားတွေဆီ ရောက်သွားပြီး ကိုယ့် ဗုဒ္ဓဘာသာ ကနေ ဘာသာခြားတွေ ဖြစ်သွားကုန်ပြီ တဲ့။
အင်း…ကြားလိုက်ရတဲ့ သတင်းကတော့ ကိုယ့်အမျိုး၊ ကိုယ့်ဘာသာ ပျောက်တော့မယ့် ကိန်း ဆိုက်နေပါ ပေါ့လား။ အဲဒီ ရွာမှာ ရှိကြတဲ့ ဘုန်းကြီးတွေက ဘာများ လုပ်နေကြပါလိမ့်။ မဖြစ်သေးပါဘူး။ အဲဒီကိစ္စ မိမိနိုင်တဲ့ ဘက်က လိုက်လုပ်ဦးမှပဲ။ အဲဒါနဲ့ မိမိသည် အဲဒီ နယ်စပ်ရွာက ရွာခံ သီလရှင်တစ်ပါးကို လိုက်စုံစမ်း တော့တယ်။
ဟော… တွေ့ပါပြီ။ ဈေးကြီးထဲမှာလေ။
“ဆရာလေး… ဘာတွေဝယ်နေတာတုန်း”
တပည့်တော်ရဲ့ ကျောင်းမှာ ရှိတဲ့ ကလေးတွေအတွက် ဆန်နဲ့ ကုန်ခြောက် လေးတွေ ၀ယ်နေတာပါဘုရား”
“ကလေးတွေက ဘယ်ကတုန်း ဆရာလေးရဲ့”
“တပည့်တော်တို့ရဲ့ ရွာနဲ့ ပတ်ဝန်းကျင်ဒေသက မိဘမဲ့ ကလေးတွေနဲ့ ကျောင်းမနေနိုင်တဲ့ ကလေးတွေကို ခေါ်လာပြီး စောင့်ရှောက်ထားတာပါ”
“အင်း… ကလေးတွေကို စောင့်ရှောက်ထားတာ ဆိုတော့ ကောင်းတာပေါ့ ဆရာလေး။ အခု ဈေးဝယ်ပြီးလို့ ဆရာလေးရဲ့ သီလရှင်ကျောင်းကို ပြန်တော့ မလို့လား?”
“မှန်ပါဘုရား”


“ဒါဆို အတော်ပဲ။ ဦးပဉ္ဇင်းလည်း ဆရာလေးကို လိုက်ရှာနေတာ။ ဆရာလေး မသယ်နိုင်တဲ့ ပစ္စည်းတွေ ဦးပဉ္ဇင်းကို ပေး”
မိမိလည်း ဆရာလေး ဆီက ဈေးဝယ်ပစ္စည်း တချို့ကို ကူသယ်ရင်း ဈေးအထွက် အပေါက်မှာ ဘာသာခြား သီလရှင် တစ်ဦးလည်း ဈေးဝယ်ပြီး ပြန်ထွက် အလာကို တွေ့လိုက်ရတယ်။ အဲဒီ ဘာသာခြား သီလရှင် ၀ယ်ထားတဲ့ ပစ္စည်းတွေကို ကျွန်ုပ်မြင်လိုက်ရတယ်။ အိုဗာတင်းဘူးတွေ၊ မိုင်လိုဘူးတွေ၊ ဘီစကစ် မုန့်ထုပ်တွေ၊ ပြီးတော့ တန်ဘိုးကြီးတဲ့ စားစရာတွေချည်း ပါလား။
မိမိကလည်း ကိုယ့်ဆရာလေး ၀ယ်ထားတဲ့ ဈေးပစ္စည်းတွေကို အခုမှပဲ သေသေချာချာ ပြန်ကြည့်လိုက်တော့ ကလေးတွေကို ကျွေးဖို့ ဈေးပေါတဲ့ ဆန်ကြမ်းနဲ့ ဈေးသက်သာတဲ့ အာလူး၊ ငရုပ်၊ ကြက်သွန်တို့ပဲပေါ့။ ကျွန်ုပ်လည်း စိတ်မကောင်းစွာနဲ့ ဆရာလေးကို ပြောလိုက်တယ်။
ဆရာလေးက ဈေးသက်သာတဲ့ စားစရာတွေပဲ ၀ယ်ပြီး ကလေးတွေကို ကျွေးနိုင်တာလား။ ဟိုက ဘာသာခြား သီလရှင်ကတော့ ၀ယ်ထားတာ အကောင်းစားတွေ ပဲလေ”
“ဟုတ်ပါတယ်ဘုရား… အဲဒီ ဘာသာခြား သီလရှင်ရဲ့ ကျောင်းက တပည့်တော်ရဲ့ ကျောင်းနဲ့ သိပ်မဝေးပါဘူး ဘုရား။ သူတို့က ငွေတတ်နိုင်တော့ သူတို့ ကလေးတွေကို အကောင်းစားတွေချည်းပဲ ကျွေးကြတယ်လေ”
အင်း… ဘာသာခြား သီလရှင်မှာ ငွေတွေတော်တော် ပေါတာပဲ။ သူတို့မှာက အလှူငွေတွေ များများ ရတယ် ဖြစ်ပါလိမ့်မယ်။ ကျွန်ုပ်တို့ နိုင်ငံမှာလည်း ဗုဒ္ဓဘာသာ သူဌေးတွေ အများကြီးပါပဲ။ သူတို့ရဲ့ ငွေတွေကို ဘယ်နေရာတွေ မှာများ သွားပြီး အသုံးချနေကြလဲ မသိပါဘူး။ အခုလို သာသနာပြု လုပ်ငန်းတွေကို လုပ်နေကြတဲ့ သီလရှင်လေးတွေ ကိုလည်း ဒကာ၊ ဒကမတွေက လှူဒါန်းကြရင် သိပ်ကောင်းမှာပဲ လို့ မိမိ တွေးနေမိတယ်။
“ဆရာလေးရဲ့ ကျောင်းကလည်း ဆောက်တုန်းပါလား”
“မှန်ပါ… တပည့်တော်လည်း အလှူခံ ရတဲ့ ၀တ္ထုငွေလေးတွေကို စုဆောင်းပြီး ဒီလို ကျောင်းငယ်လေး ဖြစ်လာအောင် ကြိုးစား ခဲ့ရတာပါ ဘုရား”
အေး…ဦးပဉ္ဇင်း ဆရာလေးဆီကို ကြွလာရတဲ့ အကြောင်းကတော့ ဆရာလေး တို့ရဲ့ နယ်ဘက်ခြမ်းမှာ ဘာသာခြား သာသနာပြုတွေက ကျောင်းမနေနိုင်တဲ့ ကလေးတွေကို ကျောင်းထား ပေးနေတယ် လို့ ကြားတယ်”
“တပည့်တော်လည်း ကြားပါတယ် ဘုရား။ တပည့်တော်က ရွာတွေ ဆင်းပြီး ကလေးတွေကို ခေါ်ချင်ပေမဲ့ ငွေက မတတ်နိုင်တော့ ရှိတာလေးနဲ့ပဲ ရုန်းကန်နေရတာ ဘုရား”
“ဟုတ်ပြီ… ငွေက ဦးပဉ္ဇင်းရဲ့ ဒကာတစ်ယောက်မှာ အကူအညီတောင်းပြီး ဦးပဉ္ဇင်းနဲ့ ဆရာလေး အဲဒီ ရွာတွေကို ဆင်းပြီး ကလေးတွေကို သွားခေါ်ရအောင်”
“ကြားရတာ ၀မ်းသာစရာပဲ ဘုရား။ တပည့်တော်က ကလေးတွေကို ဆင်းခေါ်ချင်နေတာ ကြာပြီ ဘုရား။ အချိန်ကြာလာရင် အဲဒီ ရွာတွေက ကလေးတွေဟာ ဘာသာခြားတွေ ဖြစ်ကုန်ပြီးတော့ နောက်ဆိုရင် ရွာမှာ ဘုန်းကြီးကျောင်းတောင် ရှိမှာ မဟုတ်တော့ဘူး ဘုရား”
မိမိလည်း ဆရာလေးရဲ့ စကားကို ကြားလိုက်ရတော့ သိပ်ကို လေးစားသွားတယ်။ တို့သာသနာမှာ ရှိကြတဲ့ သီလရှင်တွေမှာလည်း အဲဒီလိုမျိုး အမျိုး၊ ဘာသာ၊ သာသနာကို ချစ်တဲ့ စိတ်တွေ ထက်သန်ကြရင် သာသနာအတွက် တစ်ဖက်တစ်လမ်းက သိပ်ကို အကူအညီ ရတာပေါ့။
ဒကာတစ်ယောက်ကို အကျိုးအကြောင်း ရှင်းပြတော့ အဲဒီ ဒကာကလည်း စေတနာ ပါပါနဲ့ပဲ လိုအပ်တဲ့ ၀တ္ထုငွေကို လှူပေးလိုက်တယ်။ အဲဒီလို ဒကာမျိုးတွေလည်း သာသနာမှာ အများကြီး လိုအပ်တာပဲ။ ဘုန်းကြီးဆိုတာ ကိုယ်ပိုင် စီးပွားရေးမှ မရှိတာ။ ဒကာ၊ ဒကာမတွေ လှူဒါန်းမှပဲ အဆင်ပြေကြတာပဲလေ။
မိမိနှင့် သီလရှင်လည်း နယ်စပ်က ရွာတစ်ရွာကို ရောက်သွားပြီ။ ဆရာလေးကတော့ သူ့ရဲ့ ဆွေမျိုးအိမ်မှာ တည်းနေပြီးတော့။ ကျွန်ုပ်ကတော့ အဲဒီရွာရဲ့ ဘုန်းကြီးကျောင်းမှာ သီတင်းသုံးရတယ်။ ရွာကျောင်းက ဆရာတော်နဲ့ စကားပြောဖြစ်တယ်။
ဆရာတော်တို့ ရွာဘက်ခြမ်းတွေမှာ ဘာသာခြား သာသနာပြုတွေက ကျောင်းမထားနိုင်တဲ့ ကလေးတွေကို ကျောင်းတွေ ထားပေးဖို့ ခေါ်ဆောင် သွားကြတယ် လို့ ကြားတယ် ဘုရား”
“အေးလေ… ဒီလိုပဲ သူတို့က ခေါ်နေကြတာပဲ”
ရွာကျောင်းဆရာတော်ရဲ့ စကားကို ကျွန်ုပ်ကြားလိုက်တော့ ဆရာတော်ဟာ မိမိကျေးရွာရဲ့ ဗုဒ္ဓသာသနာ ထွန်းကားပြန့်ပွားရေး လုပ်ဆောင်နေရာမှာ အားနည်း နေသေးတာကို တွေ့လိုက်ရတယ်။
“သူတို့က အဲဒီလိုပဲ ခေါ်နေကြတာ ဆိုတဲ့ စကားနဲ့ ဒီအတိုင်း နေလို့ မရဘူး ဆရာတော်။ တပည့်တော်တို့ကလည်း နိုင်တဲ့ ဘက်က ကိုယ့်ကလေးတွေကို စည်းရုံးပြီး မိမိဘာသာ သာသနာရဲ့ အနှစ်သာရကို အပေါ်ယံကပဲ သိဖို့မဟုတ်ဘဲ စိတ်ထဲမှာ လေးလေးနက်နက် သိအောင် လုပ်ပေး ကြရမှာက တပည့်တော် တို့ရဲ့ တာဝန်ပဲလေ… ဘုရား”
ရွာကျောင်းက ဆရာတော်ကို မိမိက ပြန်ပြီး ဆရာလုပ်နေသလိုတော့ ဖြစ်နေတယ်။ ဒါပေမဲ့ ဆရာတော်ကို မလျှောက်လို့ ကလည်း မဖြစ်ဘူးလေ။ “အင်း… ဒါနဲ့ တပည့်တော် တစ်ခုလောက် လျှောက်ပါရစေဘုရား။
ဆရာတော်တို့ ရွာတွေမှာက တစ်ခြား ဘာသာခြားတွေရော ရှိနေကြတယ် ဆိုတော့ ဘာသာမတူတာ အချင်းချင်း အိမ်ထောင် ပြုတာတွေရော ရှိကြလား ဘုရား?”
“ရှိပါတယ် ဘုရား”
ဒါဆိုရင် အဲဒီလို ဘာသာခြားနဲ့ အိမ်ထောင်ပြုလိုက်တဲ့ လူငယ်တွေက ဆရာတော်ရဲ့ ဘုန်းကြီးကျောင်းကို လာသေးလား ဘုရား?”
ရွာကျောင်းက ဆရာတော်ကတော့ ကျွန်ုပ်မေးတာကို စိတ်ရှည်ရှည်နဲ့ ပြန်ဖြေပေးပါတယ်။
“ဗုဒ္ဓဘာသာ လူငယ်တွေက ဘာသာခြားတွေကို အိမ်ထောင်ပြုလိုက်ရင် သူတို့ အိမ်ထောင်ဖက် ဘာသာခြားနောက်ကိုပဲ လိုက်သွားကြတာပါပဲ။ ဟိုဘက် ဘာသာခြားက ပြောတယ် တဲ့လေ။ သူတို့ကို အိမ်ထောင်ပြုမယ် ဆိုရင် သူတို့ ဘာသာကိုပဲ ကိုးကွယ်ရမယ်တဲ့။ ဘုန်းကြီးကျောင်းနဲ့တော့ အဆက်အသွယ် ပြတ်သွားတာပေါ့”
“အဲဒီတော့ တပည့်တော်တို့ရဲ့ ဗုဒ္ဓဘာသာ လူငယ်တွေကလည်း ဘာသာခြားကို ပြောင်းသွားရောလား ဘုရား”
“မှန်ပါ… ပြောင်းကုန်တာပဲ ဘုရား”
“ဒါဆိုရင် တပည့်တော်တို့ရဲ့ ဗုဒ္ဓဘာသာ လူငယ်တွေမှာ ဘာသာရေး အနှစ်သာရ မရှိကြတာ အထင်အရှား ဖြစ်နေပြီပေါ့ ဆရာတော်။ ဒါကြောင့်မို့ …ဘာသာခြားရဲ့ နောက်ကိုပဲလိုက်ပြီး လူရော ကိုးကွယ်မှုပါ ပြောင်းသွားကြတာပဲ”
ရွာကျောင်း ဆရာတော်ကတော့ ခေါင်းတစ်ညိမ့်ညိမ့်နဲ့ နားထောင်နေတော့တယ်။
“တပည့်တော်က အခု ဒီရွာကို လာတာက ဒီရွာမှာ ကျောင်းမနေနိုင်တဲ့ ကလေးတွေကို ကျောင်းထားပေးဖို့ လာခေါ်တာပါ ဘုရား။ နို့မို့ဆိုရင် ဒီကလေးတွေဟာ ဘာသာခြားတွေပဲ ဖြစ်ကုန်ကြတော့မယ် ဘုရား”
“အရှင်ဘုရားက ကျောင်းထားပေးမယ် ဆိုတော့ ဘယ်မှာများ ထားပေးမှာတုန်း”
“တပည့်တော်ရဲ့ ဘုန်းတော်ကြီးသင် ပညာရေး ဘ/က ကျောင်းမှာပါ”
“ဒါဆို တပည့်တော်လည်း အရှင်ဘုရားအတွက် နိုင်တဲ့ဘက်က ကူညီရမှာပေါ့”
“ကျေးဇူးပါပဲ ဘုရား”
မိမိလည်း သီလရှင်နဲ့အတူ ကျေးရွာတွေ တစ်ဝိုက်မှာ ခရီးထွက်တော့တယ်။ ရွံ့တောထဲမှာ လမ်းလျှောက်ရတဲ့ အခါလည်း ရှိ။ တောတိုးပြီး တောင်ပေါ်ကို တက်ရတဲ့ အခါလည်း ရှိ။ မိုးရွာလို့ တစ်နေကုန် မိုးစိုခံပြီး တစ်ရွာမှ တစ်ရွာကို ခြေကျင်ခရီး ကြွရတဲ့ အခါလည်း ကြွရတာပေါ့။ သာသနာပြု ခရီးစဉ်တွေဟာ တစ်ခါတလေ ဒီလိုပဲ ခရီးကြမ်း ထွက်ကြရတာပါပဲ။ ကျွန်ုပ်ကတော့ သာသနာ ပြုနေရတာလေးကိုပဲ စဉ်းစားရင်း ဘယ်လောက်ပဲ ပင်ပန်းပင်ပန်း ပီတိတွေ ဖြစ်နေရတာပဲ။
မိမိနှင့်အတူ ရွာသားတွေရော ဆရာလေးပါ မငြီးမငြူဘဲ တက်တက်ကြွကြွ ရှိကြတယ်။ မိမိက ရွာသားတွေနဲ့ ဆရာလေးတို့ကို ကြည့်ပြီး သာသနာချစ်စိတ် ထက်သန်တာလေးကို လေးစား ဂုဏ်ယူနေမိတာ။
မိဘမဲ့ ကလေးတွေ၊ ဆင်းရဲပြီး ကျောင်းမနေနိုင်တဲ့ ကလေးတွေကို စည်းရုံးပြီး အပြန်မှာ စက်လှေနဲ့ ကျွန်ုပ်ရဲ့ ဘ/က ကျောင်း ရှိရာ မြို့ကို မြစ်ကြောင်းအတိုင်း စုန်ဆင်းခဲ့တယ်။ ကျောင်းဖွင့်စ ရာသီ ဇွန်လပိုင်းက မြန်မာနိုင်ငံ အောက်ပိုင်းမှာ မိုးက ကြီးတတ်တယ်လေ။ ကျွန်ုပ်တို့ စီးလာတဲ့ စက်လှေလေးကလည်း မိုးကို အံတုပြီး ခရီးနှင်နေတာပဲ။
စက်လှေထဲမှာ မိုးရေတွေ စိုရွဲနေတဲ့ကျွန်ုပ် ကတော့ မိုးရေတွေ စိုနေတာကို ဂရုမထားနိုင်အား။ မိုးတိမ်လိပ်တွေ၊ လျှပ်စီးတွေက ကျွန်ုပ်ကို ခြိမ်ခြောက်နေတာလည်း မမှု။ မိုးရေ မိုးစက်တွေရဲ့ အေးမြမှုထက် မိမိရဲ့ ရင်ထဲမှာ ပိုပြီး အေးမြစရာတွေ ရှိနေတာကိုး။
အဲဒါက…မိမိနဲ့ အတူပါလာတဲ့ ကလေးတွေဟာ နောင်တစ်ချိန်မှာ ဗုဒ္ဓသာသနာရဲ့ အနှစ်သာရတွေကို သိကြပြီး ဗုဒ္ဓရဲ့ အဆုံးအမတွေကို လေးစား လိုက်နာကြလိမ့်မယ်။ လိမ္မာ ယဉ်ကျေး ကလေးတွေဖြစ်လာကြလိမ့်မယ်။ သူတို့လေးတွေဟာ သာသနာ့ အာဇာနည်လေးတွေ ပါလား။ကျွန်ုပ်ရဲ့ စိတ်ထဲမှာ အဲဒီလို တွေးပြီး နေရတာလေးကိုက မိုးရေက အေးချမ်းတာထက် ကျွန်ုပ်ရင်ထဲမှာ အေးချမ်းနေတာ လေးကိုက … ဘယ်လိုလုပ်ပြီး အလဲအလှယ် လုပ်နိုင် ပါဦးတော့မလဲ….


ရဟန်းတော်တစ်ပါး



0 comments: