ဒီမိုကရေစီရေးလုပ်ရှုားနေကြသောမျိုးချစ်မြန်မာများအားလုံးက "မိစ္ဆာဒိဋ္ဌိခေါ် "န အ ဖ" တို၏ မေလ-၁၀-ရက်နေ့ ဆန္ဒခံယူပွဲကို ရဲရဲဝံ့ဝံ့ကြီး ကြက်ခြေခတ်ကြပါ၊၊

Photobucket

Thursday, August 21, 2008

အရှင် ဂမ္ဘီရကို ပုဒ်မ ၁ဝ ခုတပ် တရားစွဲ

21-08-2008
ချင်းမိုင်။ ။ ၂ဝဝ၇ ရွှေဝါရောင် တော်လှန်ရေးတွင် ဦးဆောင်ပါဝင်ခဲ့သူ သံဃာတော် အရှင် ဂမ္ဘီရအား ယမန်နေ့က အင်းစိန်ထောင်ရှိ အနောက်ပိုင်းခရိုင် တရားရုံးတွင် ရုံးထုတ်ရာ၌ နယ်စပ်ဖြတ်ကျော်မှု အပါအဝင် ပုဒ်မ ၁ဝ ခုဖြင့် တရားစွဲလိုက်သည်။
ယမန်နေ့က အနောက်ပိုင်းခရိုင် တရားရုံးတွင် အတင်းအကြပ် ရဟန်းဝတ် စွန့်ခိုင်းခံထားရပြီး လက်ထိပ်ခတ် ခံထားရသူ အရှင် ဦးဂမ္ဘီရအား ဒုတိယအကြိမ်မြောက် ထပ်မံ ရုံးထုတ်ရာသို့ မိသားစုဝင်များလည်း နားထောင်ခွင့် ရခဲ့သည်။ ယခင်တကြိမ်က သူ၏ အမှုတွဲအားလုံး လူဦးရေ ၁၁ ဦးအား ရုံးထုတ်ခဲ့သော်လည်း ယနေ့တွင်တော့ တပါးတည်း ဖြစ်သည်။

အသက် ၂၉ နှစ်အရွယ် ဓမ္မာစရိယတန်းစာ ၀ါလိုက်နေရင်းမှ နိုင်ငံရေးတွင် စိတ်ပါဝင်စားခဲ့သူ ဦးဂမ္ဘီရ၏ အမဖြစ်သူ မခင်သူဌေးက “နားထောင်လို့ ရတယ်။ လွှတ်လွှတ်လပ်လပ် တွေ့ရတယ်။ ဒါပေမဲ့ ဦးဇင်းကို လက်ထိပ် ခတ်ထားတယ်။ မြင်ရတာ စိတ်မကောင်းဘူး။ အရပ်ဝတ် ပုဆိုးကို သင်းပိုင်လို စည်းပြီး လာတယ်။ သင်္ကန်း ဝတ်မရပေမယ့် ဦးဇင်းက “ကျုပ်က အကြမ်းဖက်သမား မဟုတ်ဘူး။ သံဃာတော် တပါးပါဗျာ။ လက်ထိပ် ခတ်စရာ မလိုဘူး။ မင်းတို့ကွာ လူ့အခွင့်အရေး ချိုးဖောက်နေတယ်” တဲ့ ဟု မဇ္ဈိမသို့ တယ်လီဖုံးမှတဆင့် ပြန်လည် ပြောပြသည်။

စွဲတင်ထားသည့် ပုဒ်မများသည် လဝက ဥပဒေ တရားမဝင် နယ်စပ်ဖြတ်ကျော်မှု ၁၃၊၁၊ မတရားအသင်းနှင့် ဆက်သွယ်မှု ၁၇ (၁)၊ အသင်းအဖွဲ့ ပုဒ်မ ၆၊ နိုင်ငံတော်ကို ဆူပူမှုကို လှုံ့ဆော်မှု ၅ဝ၅(ခ)၊ ဘာသာတရားကို ညိုးနွမ်းစေမှု ၂၉၅ (က)၊ ဥပဒေနှင့် မညီညွတ်သဖြင့် လူစုခွဲရာ၌ မလိုက်နာမှု ၁၄၅၊ ၁၄၇၊ ပုံနှိပ်အက်ဥပဒေ ၁၇/၂ဝ နှင့် အီလက်ထရောနစ် ဥပဒေ ၃၃ (က)/၃၈ တို့ ဖြစ်သည်။

“ခရိုင်ရုံးကို တင်ရတာက စီရင်ပိုင်ခွင့် အပိုင်းမှာ ပြစ်ဒဏ်များနေတော့ ခရိုင်ရုံးအနေနဲ့ တင်ထားတယ်။ ရုံးထုတ်တဲ့အခါမှ ရုံးချိန်းပဲ ပေးတယ်။ မစစ်ဖြစ်ဘူး” ဟု ဗဟိုတရားရုံးချုပ် ရှေ့နေ ဦးခင်မောင်ရှိန်က ပြောသည်။

“အမှုက ၆ ရုံးရှိတယ် သံဃာတွေ ဖြစ်တယ်။ အရပ်တရားရုံးမှာ သူတို့ကို တရားစီရင်တာဟာ ဥပဒေနဲ့ မညီညွတ်ဘူး။ ရုံးတင်မယ်ဆိုရင် သံဃာ့နာယက အဖွဲ့ကို ပန်ကြားပြီးတော့ အဲဒီ အဖွဲ့ကနေ ပြီးတော့ သံဃာတွေနဲ့ ပတ်သက်တဲ့ ဝိနည်းခုံရုံးအဖွဲ့ ဖွဲ့ပြီးတော့မှ ဝိနည်းနဲ့အညီ စစ်ဆေးမယ်။ အပြစ်ရှိတယ်ဆိုရင် ရှိတယ်လို့ သိက္ခာချမယ်။ သံဃာ့ နာယက အဖွဲ့ကနေ အရပ်တရားရုံး အာဏာပိုင်တွေကို လွှဲမယ်။ လွှဲတဲ့အခါကျမှ စစ်ဆေးပိုင်ခွင့် ရှိတယ်။ ဒီဥပဒေအပိုင်းကလည်း ဝိနည်းနဲ့အညီ ဆောက်ရွက်ရမယ် ဆိုတာ ရှိတယ်”

သူ၏ အမှုတွဲဖြစ်ပြီး အရှင် ဂမ္ဘီရနှင့် ၁၈ ရက်နေ့တွင် အတူတူ ရုံးထုတ်ခံရသူများ ဖြစ်သည့် အကိုဖြစ်သူ ဦးအောင်ကျော်ကျော်၊ မဂ္ဂင်ဆရာတော်၊ ဦးဧကရိရ (ခ) ဂျောင်းဂျောင်၊ ကိုသန်းလှိုင် (တောင်တွင်းကြီး)၊ ကိုကျော်ကျော် (မြစ်ချေ)၊ ဦးကေလသ (မန္တလေး)၊ စာရေးဆရာ မင်းဆက် (ခ) ဦးသုမန (မန္တလေး)၊ ဦးရွှေမောင် (မန္တလေး)၊ ကိုဝဏ္ဏမောင် (မန္တလေး)နှင့် ကိုဇော်ဝင်း (မန္တလေး) အား ယခုလ ၂၇ ရက်နှင့် ၂၈ ရက်နေ့များသို့ ခွဲ၍ ထပ်မံ ရုံးထုတ်မည်။

သူတို့ အားလုံးကို အလုံ၊ ကမာရွတ်၊ ကျောက်တံတား၊ ဒဂုံ၊ ကြည့်မြင်တိုင်နှင့် အနောက်ပိုင်း ခရိုင်တရားရုံးတွင် စစ်အစိုးရက တရား စွဲဆိုထားခြင်း ဖြစ်သည်။

ရွှေဝါရောင် တော်လှန်ရေးဟု အမည်တွင်ခဲ့သော ယမန်နှစ် စက်တင်ဘာလ သံဃာတော်များ ဦးဆောင်သော စစ်အစိုးရကို ကန့်ကွက် ဆန္ဒပြမှုများတွင် ဦးဂမ္ဘီရသည် ကလေးစစ်သား ဖြစ်ခဲ့ဖူးပြီး သံဃာ့ တပ်ပေါင်းစုတွင် ဦးဆောင်ပါဝင်သော ရဟန်းတော်တပါး ဖြစ်သည်။

မြန်မာ့နိုင်ငံရေး ပြေလည်မှုရရှိအောင် စစ်အစိုးရနှင့် အတိုက်အခံများ တွေ့ဆုံဆွေးနွေးမှု လိုအပ်ပြီး သံဃာတော်များ အနေဖြင့် ဒါယကာ ဒါယကာများအတွက် အနစ်နာခံ လုပ်ဆောင်ပေးသင့်သည်ဟု ယုံကြည်သူ သူ့အား မန္တလေးတိုင်း စဥ့်ကိုင်မြို့နယ်တွင် စစ်လုံခြုံရေး တပ်ဖွဲ့က ၂ဝဝ၇ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့က ဖမ်းဆီးခဲ့သည်။

အီလက်ထရောနစ် ဥပဒေပုဒ် ၃၃ (က)၊ ၃၈ အရ ထောင်ဒဏ် ၇ နှစ်မှ ၁၅ နှစ်အထိ ကျခံရနိုင်ကာ၊ လူစုခွဲရန် အမိန့်ပေးသည်ကို သိပါလျက်နှင့် ဥပဒေနှင့် ဆန့်ကျင်သော အစုအဝေး၌ ပါဝင်ခြင်း သို့မဟုတ် ဆက်လက် ပါဝင်နေခြင်း ပုဒ်မ ၁၄၅ အရ ထောင်ဒဏ် ၂ နှစ်နှင့် ငွေဒဏ်နှင့် ရုန်းရင်းဆန်ခတ်မှု ပုဒ်မ ၁၄၇ အရ ထောင်ဒဏ် ၂ နှစ်နှင့် ငွေဒဏ် နှစ်ခုစလုံး ကျခံနိုင်ကြောင်း သိရသည်။

၂ဝဝ၇ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့က လောင်စာဆီနှင့် ကုန်ဈေးနှုန်း ကျဆင်းရေးအတွက် စစ်အစိုးရမှ အာရုံစိုက် လုပ်ဆောင်ရန် မေတ္တာသုတ် ရွတ်ဆို စီတန်း လမ်းလျှောက်တော်မူသော ရဟန်းတော်များကို ဓာတ်တိုင်တွင် ကြိုးတုတ် ချည်နှောင် ရိုက်နှက်ခဲ့ပြီးနောက် ဆန္ခပြမှုများ တနိုင်ငံလုံးသို့ ပြန်ပွားခဲ့သည်။
Mizzima

0 comments: