ဒီမိုကရေစီရေးလုပ်ရှုားနေကြသောမျိုးချစ်မြန်မာများအားလုံးက "မိစ္ဆာဒိဋ္ဌိခေါ် "န အ ဖ" တို၏ မေလ-၁၀-ရက်နေ့ ဆန္ဒခံယူပွဲကို ရဲရဲဝံ့ဝံ့ကြီး ကြက်ခြေခတ်ကြပါ၊၊

Photobucket

Tuesday, August 19, 2008

ဒေါ်အောင်ဆန်းစုကြည် သူမ၏ ရှေ့နေနှင့် ရှားရှားပါးပါး တွေ့ခွင့်ရ

19-08-2008
နယူးဒေလီ။ ။ အထိန်းသိမ်းခံ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တနင်္ဂနွေနေ့က သူမ၏ ရှေ့နေ ဖြစ်သူ ဦးကြည်ဝင်းနှင့် နောက်တကြိမ် ထပ်မံ တွေ့ဆုံခွင့် ပေးခဲ့သည်ဟု သူမပါတီ၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားသွားပါသည်။

“ဒေါ်စုနဲ့ဦးကြည်ဝင်းနဲ့ တနင်္ဂနွေနေ့က တွေ့တယ်။ သူတို့မနက် ၁ဝ နာရီလောက်ကနေ ညနေ ၃ နာရီလောက်အထိ တွေ့ရတယ်” ဟု ဦးဥာဏ်ဝင်းက မဇ္ဈိမကို တနင်္လာနေ့က ပြောကြားသွားပါသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဥာဏ်ဝင်းတို့သည် ဒီမိုကရေစီ ခေါင်းဆောင်အား ဆက်လက် ထိန်းသိမ်းထားသည့် ကိစ္စကို အဓိကထား ဆွေးနွေးဖွယ် ရှိကြောင်း ဦးဥာဏ်ဝင်းက ဆက်လက် ပြောဆိုသွားခဲ့ပါသည်။

ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သော ၁၉ နှစ်အတွင်း ၁၂ နှစ်ကျော် ထိန်းသိမ်းခံခဲ့ရပြီး၂ဝဝ၄ ခုနှစ်မှ ၂ဝဝ၈ ခုနှစ် သြဂုတ်လအထိ မည်သူနှင့်မျှ တွေ့ခွင့် မရရှိခဲ့ဘဲ ဦးကြည်ဝင်းနှင့်သာ မကြာသေးခင်က တကြိမ် တွေ့ဆုံခွင့် ရခဲ့သည်။


ဦးဥာဏ်ဝင်းကမူ ယခုတွေ့ဆုံမှုသည် သူမအား ဆက်လက် ထိန်းသိမ်းထားခြင်းကို ဥပဒေကြောင်းအရ မည်သို့ ခုခံချေပနိုင်မည်ကို ဆွေးနွေးခွင့်ရခြင်း ဖြစ်သည့်အတွက် “ထူးခြားမှု” ရှိကြောင်း ပြောဆိုပါသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း ဤကိစ္စအတွက် မြန်မာအစိုးရအဖွဲ့ထံ ဥပဒေအရ ပန်ကြား အကြောင်းကြား စာတစောင် ပေးပို့ခဲ့သေးသော်လည်း ယခုအထိ အကြောင်းပြန်ကြားချက် တစုံတရာ မရရှိသေးကြောင်း ဦးဥာဏ်ဝင်းက ဆက်လက် ပြောဆိုသွားပါသည်။

“ကျနော်တို့ အစိုးရအဖွဲ့ကို ဥပဒေဆိုင်ရာ ပန်ကြား အကြောင်းကြားစာ တစောင်ပို့ခဲ့တယ်။ အခု ပြန်ကြားချက်ကို စောင့်နေတုံးဘဲ” ဟု ဦးဥာဏ်ဝင်းက ပြောသွားပါသည်။

ဖေဖေါ်ဝါရီလ နောက်ပိုင်းကတည်းကစ၍ ယခု ပထမဆုံးအကြိမ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ မိသားစု ဆရာဝန်ဖြစ်သူ ဒေါက်တာ တင်မျိုးဝင်းနှင့်လည်း တွေ့ဆုံခွင့် ရခဲ့သည်ဟု သိရပါသည်။

ဤသို့ ဦးကြည်ဝင်း၊ ဒေါက်တာ တင်မျိုးဝင်းတို့နှင့် တွေ့ဆုံခွင့်ရခဲ့ခြင်းသည် စစ်အစိုးရ၏ ဒေါ်အောင်ဆန်းစုကြည် အပေါ် ထားရှိသည့် သဘောထား ပျော့ပြောင်းလာသည့် လက္ခဏာ ဟုတ်မဟုတ် သေချာစွာ မပြောနိုင်သော်လည်း အပြု သဘောဆောင်သည့် လက္ခဏာတရပ် ဆိုသည်မှာမူ သေချာကြောင်းဖြင့်လည်း ဦးဥာဏ်ဝင်းက ပြောဆို သွားခဲ့ပါသည်။

0 comments: