ဒီမိုကရေစီရေးလုပ်ရှုားနေကြသောမျိုးချစ်မြန်မာများအားလုံးက "မိစ္ဆာဒိဋ္ဌိခေါ် "န အ ဖ" တို၏ မေလ-၁၀-ရက်နေ့ ဆန္ဒခံယူပွဲကို ရဲရဲဝံ့ဝံ့ကြီး ကြက်ခြေခတ်ကြပါ၊၊

Photobucket

Wednesday, February 18, 2009

“နှလုံးသား မြို့တော်” (သို့မဟုတ်) “နှလုံးရောဂါ နိုင်ငံတော်


အမျိုးသမီးနှင့် နှလုံးရောဂါ (NEJ / ၁၇ ဖေဖော်ဝါရီ ၂၀၀၉၊ ခေတ်ပြိုင်)
-နှလုံးရောဂါရနေသည့် အမေရိကန် အမျိုးသမီးပေါင်း (၈) သန်းရှိသည်။
-နှလုံးရောဂါရှိခဲ့သူ အမျိုးသမီးပေါင်း (၆) သန်းရှိသည်။
-နှစ်စဉ် နှလုံးရောဂါဒဏ်ခံရသည့် အမေရိကန် အမျိုးသမီးပေါင်း (၄၃၅,၀၀၀) ရှိသည်။
-အမေရိကန်နိုင်ငံသူတွေ အသက်ဆုံးရသည့် အကြောင်းများအနက် နှလုံးရောဂါကြောင့် သေသူ (၃၂) ရာခိုင်နှုန်း ရှိသည်။
-နှလုံးရောဂါကြောင့် နှစ်စဉ်သေဆုံးသူ အမေရိကန် အမျိုးသမီးပေါင်း (၂၆၇,၀၀၀) ရှိသည်။



(ဖေဖော်ဝါရီ ၁၈၊ ၂၀၀၉) အထက်ပါ သတင်းစစ်တမ်းလေးကို ဖတ်လိုက်ရတော့ ကိုယ်တွေ့အဖြစ်လေးကို ပြေးသတိရမိပါရဲ့။ ကျနော် တို့မိသားစု ရန်ကုန်ကို ပြောင်းပြီး မကြာခင်မှာ နယ်ဘက်က အသိအင်္ဂျင်နီယာ မလေးတယောက် ရန်ကုန် မှာ အလုပ်လုပ်ရင်း သူ့အမေကို ရန်ကုန်အလည်ခေါ်တာပေါ့။ ဘာပဲဖြစ်ဖြစ် ကျေးလက်က မိဘဆိုတာ ကိုယ့်သားသမီး ရန်ကုန်မှာ အလုပ်လုပ်တယ်၊ အလည်ခေါ်တယ်ဆိုတော့ မော်မဆုံး ပျော်မဆုံး ဂုဏ်ယူ မဆုံးပေါ့။ မိဘဆိုတာ သားသမီးလုပ်စာ စားရတာ မစားရတာထက် သားသမီးက ကိုယ့်ကို ဂရုတစိုက် ရှိ တယ်ဆိုရင်ပဲ ကျေနပ်ကြတဲ့ မဟာလူသားတွေပဲ မဟုတ်လား။
ဒီလိုနဲ့ ရန်ကုန်တလွှား ဘုရားဖူးသွားပေါ့။ ဗမာပြည်မှာရှိကြတဲ့ ကျေးလက်က လူကြီးအများစု ပြောကြတာ ရှိတယ်လေ “ရန်ကုန်ရောက်ပြီး ရွှေတိဂုံကို ဖူးရရင် သေပျော်ပါပြီ” တဲ့။ အခုလဲ သမီးချစ် မိခင်ဟာ “ရန်ကုန် ဘုရားစုံဖူးရလို့ သေပျော်ပါပြီ” လို့ မပြောရုံပါပဲ။ အသက် (၆၀) ၀န်းကျင်အရွယ် မိခင်ဆိုတော့ အရွယ်ရှိ သေးတယ်-လို့ ပြောရမှာပေါ့။ ဒါပေမဲ့ ကျေးလက်မှာ မွေးဖွား၊ လယ်နဲ့ နွားနဲ့ ရုန်းကန် ခဲ့ရသူဖြစ်လို့ ရန်ကုန်အမြင်မှာတော့ အသက် (၇၀) ၀န်းကျင်ပေါ့။ ဘာပဲပြောပြော မာဆဲသာဆဲလို့ ဆိုရမှာ ပေါ့။
ဒါပေမဲ့ ဘုရားဖူးသွားရင်း အနဲငယ် မောပမ်းတာကို ချစ်သမီးက သတိထားမိတယ်။ ဒါနဲ့ ရွာမပြန်ခင် မှာ ဆရာဝန်နဲ့ ပြပေးမယ်ပြောတော့ “ညီးကလဲအေ.. ရှာရှာပေါက်ပေါက် မလိုပါဘူး..၊ သွေးဆေးလေး သောက်လိုက်ရင် ပျောက်သွားတာပဲဥစ္စာ..” တဲ့။ မိခင်ရဲ့ ပြုံးနေတဲ့ မျက်နှာကို ကြည့်ခြင်းအားဖြင့် “ဒါမှ ငါ့ သမီးဟဲ့..” လို့ လက်ခမောင်းခတ် မအော်ရုံတမယ်ပါပဲ။ နောက်နေ့မှာ မိခင်ကြီးကို ဆေးခန်းပို့ပါလေရော။ ဆရာဝန်ကြီးနဲ့ပြ။ အိမ်ပြန်ရောက်ပြီး မိခင်ကြီး ကျနော့အမေနဲ့ အိမ်ရှေ့မှာ စကားပြောနေတုန်း အိမ်နောက် ကိုလာပြီး သမီးချစ်ခမျာ ငိုပါလေရော။
ကျနော်က အကြောင်းစုံကို မေးလိုက်တော့ “အမေ့မှာ နှလုံးရောဂါ ရှိနေတယ်..” လို့ ဆရာဝန်ကြီး က ပြောတဲ့အကြောင်း ပြန်ပြောပြလို့ ကျနော်လဲ မနေနိုင်တာနဲ့ “မာမာကလဲကွာ..၊ အဲဒီလို ပြောတိုင်းသာ ငိုနေရရင် တို့တနိုင်ငံလုံး မျက်ရည်နဲ့တောင် မြောသွားနိုင်တယ်” လို့ ပြောလိုက်တော့၊ “အကိုကလဲ ဘာဆိုင်လို့လဲ..” ဆိုတဲ့ ကျနော်အလိုချင်ဆုံး မေးခွန်းလေး ထွက်လာပါတော့တယ်။ ဒါနဲ့ ကျနော်လဲ ရှင်းပြ လိုက်တယ်…
“အေး.. မာမာလဲ ပညာတတ်ပဲ နားလည်မှာပေါ့။ တို့ဆီမှာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး.. အရေးပေါင်းစုံ အခက်ကြုံနေရလို့ ကိုယ့်ဆီမှာ ဧည့်သည်လာလို့မှ ဧည့်ဝတ်မကျေနိုင်တဲ့ အခြေအနေ၊ ဧည့်ဝတ်ကျေသည်ထားဦး.. ကိုယ့်အိမ်မှာ ဧည့်သည်ညအိပ်မှာ စိုးရိမ်နေရတဲ့ ခေတ်ပျက်မှာ ဘယ်သူ စိတ် ချမ်းသာမှာလဲ။ ကိုယ့်ပြည်တွင်းမှာ သွားရေးလာရေးလဲ မလွယ်၊ စစ်ရေးကြောရေးကလဲ များ၊ မသူတော်တွေ ထင်တိုင်းကျဲနေတဲ့ အခါမျိုးမှာ မာမာကိုယ်တိုင် ဆေးစစ်ကြည့်လဲ နှလုံးရောဂါရှိတယ် ပြောလိုက်မှာပဲ။ ကိုယ်တို့ဆီမှာ စစ်မှန်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု မရှိလို့သာ မသိရတာ။ မှတ်မိသေးလား.. Signature Camping တုန်းက လက်မှတ်လေး ထိုးမိလို့ မာမာကိုယ်တိုင် တပတ်လောက် ခပ်ရွံ့ရွံ့ ဖြစ်နေတာလေ။ အဲဒါမျိုးတွေဟာ နှလုံးရောဂါရခြင်း အကြောင်းတွေထဲမှာ ပါတယ်လေ။ ကဲ.. ဒီတော့ ဆေးသွားစစ်ဖို့ ခေါ် သွားတဲ့သူမှာ အပြစ်အရှိဆုံးပဲ..” လို့ ပြောလိုက်တော့ “မာမာမှာ အပြစ်ရှိတယ်၊ ဟုတ်လား..?” တဲ့။ “နောက်တာပါကွာ..။ ခုလို မာမာ အမေ့ကို စောင့်ရှောက်တာကြည့်ပြီး တကယ်ဂုဏ်ယူပါတယ်။ ဘာပဲ ဖြစ်ဖြစ် သိထားတော့ ဆင်ခြင်လို့ ရတာပေါ့။ စောင့်ရှောက်လို့ ပိုလွယ်တာပေါ့..” လို့ ရှင်းပြလိုက်မှ “အင်း.. ဟုတ်သားပဲလေ..” လို့ ဆိုကာ သက်သာရာရသွားလေရဲ့။
ဒီနေရာမှာ အထက်က သတင်းစစ်တမ်းလေးဖတ်ပြီး ခံစားမိတာက “ကျန်းမာရေးစောင့်ရှောက်မှုရှိ တဲ့ အမေရိကားမှာတောင် ဒီလောက် နှလုံးရောဂါသည်များရင် လူဦးရေ သန်းပေါင်း ၅၅ ကျော်ရှိတဲ့ ကျနော် တို့ ဗမာနိုင်ငံမှာ တကယ်လို့များ စနစ်တကျ ကျန်းမာရေး စောင့်ရှောက်မှုနဲ့အတူ စာရင်းပြုစုလိုက်ရင်..
-နှလုံးရောဂါရနေသည့် ဗမာနိုင်ငံသားပေါင်း…
-နှလုံးရောဂါရှိခဲ့သူ ဗမာနိုင်ငံသားပေါင်း…
-နှစ်စဉ် နှလုံးရောဂါဒဏ်ခံရသည့် ဗမာနိုင်ငံသားပေါင်း…
-ဗမာနိုင်ငံသားတွေ အသက်ဆုံးရသည့် အကြောင်းများအနက် နှလုံးရောဂါကြောင့် ဆုံးသူပေါင်း…
-နှလုံးရောဂါကြောင့် နှစ်စဉ်သေဆုံးသူ ဗမာနိုင်ငံသားပေါင်း…
ဘယ်လောက်ဆိုပြီး ထွက်ပေါ်လာမဲ့ ဂဏန်းတွေကို မြင်ယောင်ကာ “နှလုံးသား မြို့တော်” ဆိုတဲ့ ရုပ်ရှင်ကားရှိသလို “နှလုံးရောဂါ နိုင်ငံတော်” လို့ပဲ ကမ္ဗည်းတင်ရလေမလား..” လို့ တွေးရင်းတွေးရင်း ကျနော်ကိုယ်တိုင်ပင် နှလုံးခုန်နှုန်းတွေ မြန်လာပေမဲ့ နှလုံးအထူးကုနဲ့ ပြဖို့တော့ ကြောက်ရွံ့မိပါရဲ့…
နီသွေး

0 comments: