04-06-2008
ဖျာပုံမှာဆန်ဝေသဖြင့် တန်းစီနေသည့် လူတန်းရှည်ကြီး
မုန်တိုင်းဒဏ်သင့်ခဲ့ပြီး (၁) လ ကျော်လာသည့်တိုင် နေစရာ အမိုးအကာ လုံခြုံသည့် အိမ်မရှိ သေးဘဲ ရေစိုပြီး ပျက်စီးနေသော မည်းညစ်နေသည့် စပါးများကို နေလှမ်းပြီး ကြိတ်ခွဲ ထောင်း စားနေရကြောင်း ဖျာပုံ၊ ဘိုကလေး ကားလမ်းနံဘေးမှ ဒုက္ခသည်များက ပြောသည်။
ဖျာပုံ၊ ဘိုကလေး ကားလမ်းနဘေးမှ ဒုက္ခသည်တဦးက “ကျမတို့က ဘိုကလေးအပိုင် ပတ်ကော ဆိုတဲ့ ရွာလေးက။ မုန်တိုင်းပြီးတော့ ကျမတို့ မိသားစု ဘိုကလေးက ဒုက္ခသည် စခန်းတခုကို ရောက်သွားတယ်။ နောက် အစိုးရက မအူပင်ကို ခေါ်သွားတယ်။
မအူပင် အထက်တန်းကျောင်းက ဒုက္ခသည်စခန်းမှာ ခဏနေရတယ်။ နောက်တော့ နေရပ်ပြန်ခိုင်းတယ်။ နေရပ်ပြန်ရင်လည်း ဘာမှ ရှိတော့မှာ မဟုတ်လို့ အလှူရှင်တွေ လာတတ်တဲ့ ဒီကားလမ်းနံဘေးမှာပဲ တဲလေးထိုးပြီးနေတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေက မိုးကာစ အပြာရောင် (၁) စပေးတယ်။ ဆန်ကို ဖျာပုံမှာ ပေးတယ်
ဆိုရင် သွားပြီး တန်းစီယူတယ်။ ကျန်တဲ့အချိန်ကတော့ ဒီမိုးထိထားတဲ့ စပါးတွေကိုပဲ နေလှမ်း၊ ခြောက်ရင် ကိုယ့်ဘာသာကိုယ် ကြိတ်ခွဲ၊ အဲဒီ ဆန်မကောင်းတာကိုပဲ ပြုတ်စားတာမျိုး လုပ်တယ်” ဟု ပြောသည်။အစိုးရက လေဘေးဒုက္ခသည်များကို ဒုက္ခသည်စခန်းများမှ အတင်းအကျပ် နေရပ် ပြန်ပို့ခဲ့ပြီး ဖြစ်သော်လည်း ဘုရားတန်ဆောင်းနှင့် ဘုန်းတော်ကြီးကျောင်းများတွင် ခိုလှုံနေသူများလည်း ရှိနေသေးသည်။
အဆိုပါ ဒုက္ခသည်များအတွက် အဓိက ကူညီပံ့ပိုးပေးနေသူများမှာ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) နှင့် ပုဂ္ဂလိက အလှူရှင်များဖြစ်ကြောင်း၊ သို့သော် ပြန့်ကျဲနေသည့် ဒုက္ခသည်များနှင့် အချို့ လူသူအရောက်အပေါက်နည်းသည့် နေရာများသို့ WFP ကလည်း ဆန်မဖြန့်ဝေနိုင်ကြောင်း အဆိုပါ ဒေသ၌ ကူညီကယ်ဆယ်ရေး လုပ်နေသူတဦးက ပြောသည်။
မုန်တိုင်းဒဏ်သင့် ဧရာဝတီတိုင်း နေရာအတော်များများ၌ ရေစိုပျက်စီးနေသော မကောင်းသည့် စပါးများကို နေလှန်း၊ ကြိတ်ခွဲ၊ ထောင်းပြီး ပြုတ်စားနေကြရကြောင်း သိရသည်။
WFP ကလည်း ၎င်းတို့စုဆောင်းထားသည့် ရိက္ခာဆန်များသည် ဇူလိုင်လလယ်အထိသာ ခံမည် ဖြစ်ကြောင်း၊ ရန်ပုံငွေ ထပ်လိုကြောင်း၊ နိုင်ငံခြားမှ မြန်မာပြည်ထဲ ဆန်သွင်းလာပြီး ဒုက္ခသည် များကို ရိက္ခာဝေငှရန် စစ်အစိုးရထံ ခွင့်ပြုချက် တောင်းခံထားကြောင်း အေဂျင်စီသတင်းများအရ သိရသည်။ ။
Wednesday, June 4, 2008
ရေစိုစပါး ထောင်းပြီး စားနေရဆဲ
Posted by koyinaw at 4:06 AM
Labels: news. photo
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment