04-06-2008
ဒုက္ခသည်များရရှိသည့် ဝါကျင်၍ စိုစွပ်နေသော ဆန်များ (ဓာတ်ပုံ - မိုးအောင်တင်/ဧရာဝတီ)
မုန်တိုင်းဒဏ်သင့်ဒေသများတွင် နိုင်ငံတကာ အကူအညီများနှင့် ပြည်တွင်းအကူအညီများ ဖြန့်ဝေရာ၌ သက်ဆိုင်ရာ အာဏာပိုင်တို့က ပစ္စည်းအကောင်းနှင့် အညံ့များလဲလှယ်ခြင်း၊ နအဖ လူကြီးများလာစဉ် ဒုက္ခသည်များအား ပေးသည့် အကူအညီပစ္စည်းများကို ပြန်လည်သိမ်းယူခြင်းတို့ ကျယ်ပြန့်စွာ ဖြစ်ပွားလျက်ရှိသည်။
ဧရာဝတီတိုင်း ဘိုကလေးမြို့နယ် ကဒုံကနိကျေးရွာတွင် အာဏာပိုင်များက ဝေသော ဆန်ညံ့များကို စားသုံးရ သောကြောင့် ကျန်းမာရေး ထိခိုက်ရကြောင်း ဒေသခံ မတင်တင်ဝင်းက ပြောသည်။
“ကျမတို့ကိုဝေတဲ့ ဆန်က အခု ဒီမှာမြင်တဲ့အတိုင်းပဲ၊ ရေစိုတဲ့ စပါးတွေကို ကြိတ်ထားတာ၊ ဒါတွေစားပြီး ၀မ်းဖော ၀မ်းရောင် ဖြစ်လို့ ဆေးခန်းတောင် သွားပြနေရတယ်။ အကူအညီပေးတဲ့ ဆန်ကရေစိုဆန်တွေ ဖြစ်မယ်တော့ မထင်ဘူး၊ မနက်က
ဝန်ကြီးလာတယ်၊ အဲဒီလိုဖြစ်တာကို ကျမပြောမလို့ဟာကို ရယက တွေက အတင်းတားပြီး ပေးမပြောဘူး”ဟု မတင်တင်ဝင်းက ဧရာဝတီသို့ ပြောဆိုသည်။
ရယကမှ စာရင်းဖြင့်ဝေသည့် ၀ါကျင်ကျိုးကြေနေသည့် ဆန်များနှင့် ဆေးခန်းပြသထားသည့် ဆေးစာအုပ်ကိုပါ ယူဆောင် လာပြီး ၎င်းက ပြသသည်။
သက်ဆိုင်ရာ ရယကမှ တဆင့်ဝေငှသည့် ဆန်မှာ ယခုကဲ့သို့ ရေစိုဆန်များ ဖြစ်နေလေ့ရှိသည်ဟု ရပ်ကွက်အတွင်း နေထိုင် သည့် တခြားအိမ်ရှင်မများကလည်း ပြောဆိုသည်။
ဒေသခံအိမ်ရှင်မ တဦးကလည်း “တလောက လူကြီးတွေလာတုန်းက ဒုက္ခသည် စခန်းကလူတွေကို ဝေပေးတဲ့ အစား အသောက်တွေ ဆိုပြီးပြထားတာ၊ အဲဒီဝန်ကြီးခရီးစဉ်မှာ လိုက်လာတဲ့ တဦးက ဒုက္ခသည်တွေကို ကပ်ပြောသွားတယ်။ စားစရာတွေ မြန်မြန်စား နို့မဟုတ်ရင် ပြန်သိမ်းမှာလို့ ဆိုတယ်၊ အဲဒီထဲကမုန့်တွေ၊ အချိုရည်တွေနဲ့ စားစရာတွေ၊ ဒုက္ခသည် တချို့က မြန်မြန်စားလိုက်ကြတယ်။ ၀န်ကြီးလည်း ပြန်သွားရော သက်ဆိုင်ရာက သူပြောတဲ့အတိုင်းပဲ ချက်ခြင်းလိုက်သိမ်း တယ်”ဟု ပြောပြသည်။
ကဒုံကနိကျေးရွာသည် ဘိုကလေး မြို့နယ် အပိုင် ဘိုကလေးမြစ်၏ တောင်ဘက်အကျဆုံး ပင်လယ်ဝအနီးတွင် တည်ရှိပြီး နေထိုင်သူအများစုမှာ ရေလုပ်ငန်းနှင့် ဈေးရောင်းခြင်းဖြင့် အသက်မွေးကြသည်။ ပြီးခဲ့သည့် တလကြာ က ဖြစ်ပွားခဲ့သည့် နာဂစ်မုန်တိုင်းဒဏ်ကြောင့် ရွာရှိအိမ်ခြေ အများစုမှာ ပျက်စီးခဲ့ရသည်။
အစိုးရမှ နာဂစ်ဒုက္ခသည်များအား ဆန်ဝေငှခြင်းအပြင် ကုလသမဂ္ဂ ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ် (WFP) မှ ဆန်ဝေငှ သည်ဟုလည်း ရွာခံများကပြောဆိုသည်။ WFP မှ ဝေငှသည့် ဆန်များမှာမူ ရေစိုဆန်မဟုတ်ဘဲ လူတဦးလျင် တလ ၆ ပြည်နှုန်းဖြင့် ဝေငှပြီး ၆ လကြာဝေငှမည်ဟု သိရကြောင်း ကဒုံကနိ ရွာခံများက ပြောဆိုသည်။
မြန်မာနိုင်ငံတွင် အခြေစိုက်သည့် နိုင်ငံတကာ အန်ဂျီအိုကြီးတခုမှ တာဝန်ရှိသူတဦး ပြောဆိုချက်အရ ကုလသမဂ္ဂ အဖွဲ့ အစည်းမှ မြန်မာနိုင်ငံ ဧရာဝတီတိုင်းရှိ မုန်တိုင်းဒဏ်ခံရသူ ၂ သန်းခွဲ အနက် ဒုက္ခသည် ၁ သန်း ၃သိန်း ထံ သို့ အကူအညီ ရောက်ရှိပြီးဖြစ်ကာ နိုင်ငံတကာမှ ကူညီရန် ကတိပေးထားသည့် ငွေပမာဏ၏ ၆၃ ရာခိုင်နှုန်းမှာ ကုလသမဂ္ဂအဖွဲ့ လက်ဝယ် ရောက်ရှိနေပြီဟု သိရသည်။
Wednesday, June 4, 2008
ကယ်ဆယ်ရေးပစ္စည်းများ လဲလှယ်မှု ကျယ်ပြန့်စွာဖြစ်ပေါ်နေ
Posted by koyinaw at 4:17 AM
Labels: news. photo
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment