05-06-2008
နာဂစ်အလွန် တလအကြာ မိန်းမလှကျွန်း (ဓာတ်ပုံ - မိုးအောင်တင်/ဧရာဝတီ)
ကျွန်းကမ်းပါး တလျှောက် အိမ်တိုင်အကျိုးတွေ၊ ဖက်မိုးစတွေ၊ အပျက်အစီးတွေ ကတောင်လို ပုံနေ၊ ဒီရေတောပင်တွေက အပျက်အစီးတွေနဲ့ ရေလှိုင်းကြောင့်လဲပြိုကျနေပြီး အဲဒီအပျက်အစီး ကြားထဲမှာ ၀ါကျင့်ကျင့်နဲ့ လူပုံမပီတပီ၊ နီးလာတဲ့အခါ သေသေချာချာကြည့်တော့ ရေဒဏ် နေဒဏ်ကြောင့် ဆွေးမြေ့စပြုနေတဲ့ လူအလောင်း တလောင်း ဖြစ်နေပါတယ်။
အရောင်က အဖြူနဲ့ အ၀ါကြား လက်ချောင်းတွေ ပေါ်နေသေးပြီး ခြေထောက်နှစ်ဘက်ကားလျက် လက်ကဘေးကိုတွဲလျက် ကျနေပါတယ်။ မြစ်ထဲမှာ တိုက်ခတ်လာတဲ့ လေမှာတော့ လတ်လတ်ဆတ်ဆတ် သင်္ချိုင်းမြေတူးတဲ့ အခါရတတ်တဲ့ အပုပ် နံ့က လွင့်ပါလာပါတယ်။
အခုလို အပျက်အစီးနဲ့ အလောင်းတွေ ကြားထဲမှာ လှေကလေးတွေ ကမ်းကပ်ပြီး ဓားမတချောင်းနဲ့ အိမ်တိုင်အဟောင်း၊ သစ်တိုသစ်စ၊ အသုံးအဆောင် ပရိဘောဂ အဟောင်းတွေကို လှန်လှောရှာဖွေနေသူ အများအပြားကို တွေ့မြင်ရပါတယ်။ ဒီလိုရှာဖွေနေသူတွေကတော့ ဘိုကလေးမြစ်ကြောတလျှောက်မှာရှိတဲ့ ရွာတွေမှာ နေထိုင်သူတွေ၊ ချောင်းသွယ်ထဲက ရွာသားတွေပါ။ ခွေးတကောင် နှစ်ကောင်ကိုလည်း အပျက် အစီးအကြားမှာ အစာရှာနေတာ တွေ့ရပါတယ်။
မုန်တိုင်းမတိုင်မီက စိမ်းလန်းပြီး ဒီရေတောပေါက်တဲ့ သစ်ပင်တွေနဲ့ ပိတ်နေလို့ ဒေသခံတွေကပိတ်တောလို့ ခေါ်ဆိုကြတဲ့ ဘေးမဲ့တော မိန်းမလှကျွန်းဟာ အခုတော့ လူသေအပုပ်နံ့တွေ၊ အိမ်ပြို အပျက်အစီးတွေ အလောင်းတွေနဲ့ စိတ်မချမ်းမြေ့ စရာ မြင်ကွင်းနဲ့ ကျွန်းတကျွန်းဖြစ်နေပါတယ်။ ယခင်ကလို ဘေးမဲ့တောဆိုတဲ့ မြင်ကွင်းထက် နာဂစ်ရဲ့ ဒဏ်ရာ ဒဏ်ချက် တွေ မပျောက်သေးတာကို ပြသနေသလို ရွာတွေမှာ နေထိုင်သူများရဲ့ ပြန်လည်ထူထောင်ရေး အခြေအနေကိုလည်း ဖေါ်ကြူးနေသလိုပါပဲ။
ပြင်းထန်လွန်းလှတဲ့ နာဂစ်မုန်တိုင်းကြောင့် မိန်းမလှကျွန်းရဲ့ တဘက်ကမ်း အနောက်ဘက် တကြောက ရွာတွေ၎၊ ၅၊ ၆ မိုင် အကွာမှာရှိတဲ့ ရွာကအိမ်တွေ၊ လူတွေနဲ့ အပျက်အစီးတွေအားလုံး မြစ်ကိုဖြတ်ကျော်ပြီး မိန်းမလှကျွန်းပေါ်မှာ လာ တင်ကျန် နေခဲ့တာပါ။ အပျက်အစီးတွေနဲ့ မိန်းမလှကျွန်းရဲ့ မြင်ကွင်းဟာ ယခင်နဲ့မတူဘဲ အဝေးကကြည့်ကတည်းက ညိုမွဲမွဲ အရောင် အဆင်းဖြစ်နေပါတယ်။
အသက် ၃၀ကျော် ကိုမြင့်သန်းဦး ဟာ မိန်းမလှကျွန်းကမ်းပါး တလျှောက် ပစ္စည်း လာရှာကြတဲ့ သူတွေထဲက တဦးပါ၊ ကျွန်းရဲ့ နောက်ဘက်ကျတဲ့ ကြိမ်ချောင်းကြီးရွာစုအပိုင် အပြင်မရမ်းရွာမှာ နေထိုင်ပါတယ်။ နာဂစ်မုန်တိုင်းထဲမှာ တအိမ် တည်း အတူနေသူ မိသားစုဆွေမျိုး ၁၃ ယောက်စလုံး အသက်ဆုံးရှုံးပြီး သူတဦးတည်း အသက်ရှင် ကျန်ရစ်ပါတယ်။
အပြင်မရမ်းရွာမှာ လူဦးရေ ၄၀၀ ကျော် ရှိတဲ့အနက် ၂၂ ယောက်သာ အသက်ရှင်ကျန်ရစ်တယ် လို့ သူကပြောပါတယ်။ ကြိမ်ချောင်ကြီးကျေးရွာအုပ်စုဟာ နာဂစ်မုန်တိုင်းကြောင့် အသက်ဆုံးရှုံးမှု အများဆုံးရွာအုပ်စုထဲက တစုပါ။ အိမ်ခြေ ၄ထောင်ကျော် မှာ စုစုပေါင်း လူ၅၀၀ကျော်သာ ရှင်ကျန်ရစ်တယ်လို့လည်း ကိုမြင့်သန်းဦးကပဲ ပြောပါတယ်။
သူက “ရွာမှာ ဘယ်သူမှ ပြန်မနေသေးပေမယ့် ရွာလေးငါးရွာ စုပြီး တရွာ ပြန်ဆောက်နေကြမှာ ဆိုတော့ အိမ်ဆောက် စရာ တိုင်လေး၊ သစ်လေး လာရှာတာပါ” လို့ပြောပါတယ်။ ယခင်က လယ်သူရင်းငှား လုပ်ကိုင်ပြီး အခုတော့ လယ်ပြန်လုပ် ဖို့ ကျွဲနွား၊ မျိုးစပါးဘာမှ မရှိတော့ အကူအညီက ပေးဝေတဲ့ စားစရာဆန်ကိုသာ အားကိုးနေရတယ်လို့ ပြောပါတယ်။
အိမ်ဆောက်ဖို့ ဘာအကူအညီမှ မရဘူးလား လို့မေးတော့“ ကျနော်တို့ ရွာမှာတော့ အိမ်ဆောက်ဖို့ အခုထိ ဘာအကူ အညီမှ မရသေးပါဘူး။ ဒါကြောင့် ဒီမှာအိမ်ပြန်ဆောက်ရင် သုံးလို့ရမယ့် ဟာတွေလာရှာတာပါ” လို့ဆိုပါတယ်။
လှေထဲမှာတော့ နတ်ရုပ်တရုပ်နဲ့ ပျဉ်တိုပျဉ်စတချို့ကို တွေ့ရပါတယ်။ စိတ်မချမ်းမြေ့စရာ အပျက်အစီးတွေ ကြားထဲ၊ အလောင်းတွေကြားထဲမှာ ဘာကြောင့် လာရှာဖွေနေကြတာလဲ။ အစိုးရပြောတဲ့ကယ်ဆယ်ရေး ပြီးဆုံးပြီ၊ ပြန်လည်ထူ ထောင်ရေး လုပ်ကိုင်နေပြီဆိုတာဟာ လက်တွေ့မှာ တကယ်ရော ပြန်လည်ထူထောင်ရေး အကူအညီတွေရကြပါသလား၊ တီဗီထဲ သတင်းစာထဲမှာပဲရေးနေ ဓာတ်ပုံရိုက်ပြီးဖေါ်ပြနေပေမယ့် တကယ့်လက်တွေ့ ဘ၀တွေက ဘယ်လိုနေထိုင် အသက်ရှင်နေသလဲဆိုတာ ဆန်းစစ်ကြည့်စရာပါ။
နာဂစ်မုန်တိုင်းဘေးဒဏ်ခံစားရတဲ့ ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းမြို့နယ် တချို့မှ ဒုက္ခသည်တွေအတွက် နိုင်ငံတကာ ကအကူအညီတွေ ဒေါ်လာသန်း ၁၀၀ကျော် ပေးအပ်ဖို့ကတိပြုထားသလို ကုလသမဂ္ဂရဲ့ လက်ဝယ်ကို ကတိပြုငွေရဲ့ ၆၃ ရာခိုင်နှုန်း ရောက်ရှိနေပြီလို့ ကုလသမဂ္ဂက ထုတ်ပြန်တဲ့ ကိန်းဂဏန်းအရသိရပါတယ်။
ဒါပေမယ့် မေလနောက်ဆုံးပတ်အတွင်း မှာ ရန်ကုန်လေဆိပ်ကိုရောက်ရှိလာတဲ့ ကယ်ဆယ်ရေး ပစည်း တန်ချိန် ၇၀၀၀ ကျော် ရှိနေပါပြီ။ ဒုက္ခသည် အများစုကတော့ ဆန်ကလွဲရင် ဘာမှမရသေးဘူးလို့ ဆိုကြပါတယ်။
ရန်ကုန်မြို့မှ မုန်တိုင်းဒဏ်ခံစားရတဲ့ လပွတ္တာ၊ ဘိုကလေး၊ ကွမ်းခြံကုန်း၊ ဖျာပုံ၊ မော်လမြိုင်ကျွန်းဘက်ဆီ နေ့စဉ် စစ် ထရပ်ကားတွေ၊ ပုဂ္ဂလိကကုမ္ပဏီပိုင် ကားတွေနဲ့သယ်ဆောင်နေတာ မြင်တွေ့နေရပါတယ်။
လပွတ္တာ၊ ဒေးဒရဲ၊ ဘိုကလေးမြို့တွေက ကယ်ဆယ်ရေးစခန်း အဆောက်အဦတွေထဲမှာ နိုင်ငံတကာ ကအကူအညီတွေကို စုပုံထားပြီး အဲဒီစခန်းတွေမှာပဲ နိုင်ငံတကာကလှူဒါန်းတဲ့ ဂျင်နရေတာနဲ့ ညဘက်ဆိုမီးတွေထိန်နေပါတယ်။ ကျန်တဲ့ မြို့တွေ ရပ်ကွက်တွေ ဘုန်းတော်ကြီးကျောင်းတွေကတော့ အမှောင်ထဲမှာ မီးမှိတ်တုတ်နဲ့ နေထိုင်ကြတာ တွေ့ရပါတယ်။
လူတွေလက်ထဲ မှာလည်း ဘယ်နိုင်ငံတကာက အကူအညီပစ္စည်းတွေကို အစိုးရက ဝေငှတာ မတွေ့ရသေးပါဘူး။ နယ် စည်း မခြားဆရာဝန်များ အဖွဲ့လို နိုင်ငံတကာ အန်ဂျီအိုက တိုက်ရိုက်ဝေငှလို့ ခြင်ထောင်၊ ရေပုံး၊ တကိုယ်ရေသန့်ရှင်းမှု ရရှိတာမျိုးတော့ ရှိပါတယ်။
မုန်တိုင်းဒဏ်ခံရသူ ၂ သန်းခွဲအနက် ၁.၃ သန်းကျော်ဆီ အကူအညီတွေ ရောက်ရှိပြီးဖြစ်တယ်လို့လည်း ကုလသမဂ္ဂရဲ့ စာရင်းကောက်ယူမှုအရ သိရပါတယ်။ ဒီ ၁.၃ သန်းဟာ စားရေးနေရေး ဖူလုံအောင်ထောက်ပံ့ ပေးနိုင်တာလား၊ ဒါမှမဟုတ် တကြိမ်လက်ခံရရှိတဲ့ သူတွေကအများစုလား ဆိုတဲ့ အချက်ကိုကယ်ဆယ်ရေး လုပ်ငန်းတွေမှာ လုပ်အားပေးလုပ်ကိုင် နေသူတွေက မေးခွန်းထုတ်ကြပါတယ်။
ကွမ်းခြံကုန်းမြို့နယ်ထဲမှ တောကျောင်းရွာသူ မလှဝင်းက“မုန်တိုင်းတိုက်လို့ ကွမ်းရွက်စိုက်ခင်းတွေ လဲကုန်ပြီ၊ အခုပြန် စိုက်စရာ ကွမ်းမျိုးလဲမရှိဘူး။ ရှိတယ်လို့ ပြောသံကြားတဲ့ နေရာမှာလည်းဈေးတွေကခေါင်ခိုက်နေတယ်၊ ကွမ်းမျိုး တထောင် ကို ၅ သောင်းခွဲ ဆိုတော့ ၀ယ်ဖို့ပိုက်ဆံလည်းမရှိတော့ ဘယ်လိုလုပ်ရမှန်းမသိဘူး။ အခုတော့ နေ့တိုင်း အလှူ ရှင်တွေ လာဝေတဲ့ ဆန်နဲ့ စားစရာကို ပဲအားကိုးနေရတယ်။ မုန်တိုင်းတိုက်ပြီးစ ပထမတပတ် အခြေအနေကတော့ အဆိုး ဆုံးပဲ၊ ရေစိုသွားတဲ့ ဆန်လေးကို ချက်ပြီး လေတိုက်လို့ ကြွေကျတဲ့ သရက်သီးစိမ်းနဲ့ စားရတယ်။ အဲဒီအချိန်က မသေသွား တာ ကံဆိုးတယ်လို့ ညည်းမိတယ်။ သေသွားရင်အခုလို ဒုက္ခတွေခံရမှာ မဟုတ်တော့ဘူးလို့ တွေးမိတယ်” ဟုပြောဆို ပါ တယ်။
အလှူရှင် ပေးဝေသည့် ဆန်နဲ့စားစရာကို စောင့်ရာမှာလည်း လွတ်လွတ်လပ်လပ် လမ်းမပေါ် ထွက်စောင့် ခွင့် မရှိပါ။ ရွာမှ ကားလမ်းသို့ အထွက် လမ်းထိပ်မှာ စစ်သားနဲ့ လုံထိန်းရဲတွေ တဲထိုးပြီး စောင့်နေကြတာကို ကော့မှူး ကွမ်းခြံကုန်း၊ ဒေးဒရဲ တလျှောက် နက်ပြာရောင်တွေ လွှမ်းနေလောက်အောင် တွေ့ရပါတယ်။။ ဒါကြောင့် ဒုက္ခသည်တွေဟာ ကားလမ်းမှ တမိုင် အကွာလောက် ရွာချင်းဆက်တဲ့ လမ်းဘေးကသစ်ပင်တပင်အောက်မှာ အလှူရှင်ကားတွေကို တနေ့လုံးမျှော်ကြရပါတယ်။
အလှူရှင်ကားတချို့က အခုလိုရွာကြိုရွာကြားထိ ၀င်လာပြီး ပေးတတ်တာကြောင့် တနေ့ကို ဆန် ၄ ဘူး၊ ၆ ဘူးခန့် နဲ့တခြား ခေါက်ဆွဲခြောက်လို စားစရာတွေ ရတတ်တယ်လို့ ပြောပါတယ်။
ဒီရွာမှာ ဗုဒ္ဓဘာသာ ကရင်လူမျိုး အများစုနေထိုင်ကြပြီး လယ်လုပ်၊ ကွမ်းစိုက်တဲ့ အလုပ်နဲ့ အသက် မွေးကြပါတယ်။ သူတို့ရဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်း ပြန်လည်ထူထောင်ဖို့ အာဏာပိုင် အစိုးရလည်း ထိထိရောက်ရောက် ဘာမှ လုပ်ကိုင်တာ မရှိသေးပါဘူး။ မျက်စိတဆုံး မြင်ရတဲ့ လယ်တွေထဲမှာ လယ်ထွန်နေတဲ့ မြင်ကွင်း မတွေ့ရ သလောက်ပါ။
ကွမ်းခြံကုန်းမြို့အ၀င်နဲ့မြို့အထွက် ကားလမ်းဘေး လယ်ကွက်တချို့သာ တရုတ်လုပ် ထွန်စက်အသေးတွေနဲ့ ထွန်ယက်ပြ နေတာမြင်ရပါတယ်။ အစိုးရက အဲဒီနေရာကို ဓာတ်ပုံရိုက်၊ ဗီဒီယိုရိုက်ပြီး သတင်းစာထဲ တီဗီထဲမှာ ပြန်လည် ထူထောင်ရေး လုပ်ငန်းလုပ်နေပြီလို့ ဖေါ်ပြနေပေမယ့် နည်းနည်းလှမ်းသွားတဲ့ နေရာကလယ်တွေမှာတော့ ကိုင်းမြက်တွေ ပေါက် နေတာ ကိုသာ မြင်တွေ့ရပါတယ်။
ဘိုကလေးမြစ်ကြောင်းတလျှောက် တောင်ဘက်ကို စုန်ဆင်းသွားတဲ့အခါ မြင်တွေ့ရတဲ့ ရွာတွေနဲ့ လယ်တွေမှာလည်း ထွန်ယက်နေတာ မတွေ့ရသလောက်ကို ရှားပါးလျက်ရှိပါတယ်။ ပေါင်းမြက်တွေနဲ့ ပြည့်နေတဲ့ လယ်ကွက်တွေသာ တွေ့ နေရပါတယ်။ နာဂစ်မုန်တိုင်းဒဏ်ကြောင့် ကျွဲ နွားတွေ သေဆုံးကုန်ပြီး မျိုးစပါးတွေလည်း ရေစိုတဲ့ဟာစို၊ မျောပါတာမျော ပါသွားတာကြောင့် ပြန်လည်ထူထောင်ဖို့ ကြီးမားတဲ့ အခက်အခဲတွေရှိနေပါတယ်။
ဟေမန်လတာဆိုတဲ့ ရွာကလေးဟာ ဘိုကလေးမြို့ရဲ့ အထက်ဘက်ကျပြီး ဘိုကလေးက ရေလမ်းနဲ့ တနာရီသာသာ အကွာ မှာရှိပါတယ်။ အဲဒီရွာမှာ နေထိုင်ပြီးလယ်လုပ်ပြီး အသက်မွေးတဲ့ အသက်၂၄ နှစ် အရွယ် ကိုလှိုင်ထွန်းက “ကျနော်တို့ မိသား စုမှာ လယ် ၁၀ ဧက ရှိတယ်။ ကျွဲ ၄ကောင်နဲ့ လယ်လုပ်ခဲ့တာ၊ အခုတော့ ကျွဲတွေလဲသေ၊ မျိုးစပါးလည်းဆုံးပြီ ဆိုတော့ ဒီတမိုးတော့ ဘာမှလုပ်နိုင်မယ် မထင်တော့ဘူး။ ထွန်စက်၊ ဒီဇယ်ဆီ၊ မျိုးစပါးဆိုတာ မ၀ယ်နိုင်ဘူး၊ အဲဒီအတွက် ဘယ်က အကူအညီမှလည်း မရသေးဘူး၊ ဒီအချိန်မှာမစနိုင်ရင်မမီတော့ဘူး”လို့ စိတ်ပျက်လက်ပျက်နဲ့ ပြောဆိုပါတယ်။
နာဂစ် မုန်တိုင်းအပြီးတလ အကြာမှာ မုန်တိုင်းဒဏ်ခံစားရသူအများစုရဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းကို ပြန်လည် ထူထောင်ပေးနိုင်တဲ့ အရိပ်အရောင်ထင်ထင်ရှားရှား မမြင်ရသေးပါဘူး။ တလသာကြာပေမယ့် ပျက်စီးသွားတဲ့ အိမ်ကို မပြင်နိုင်သေးဘဲ ထမင်းနပ်မှန်အောင်စားရဖို့ ရုန်းကန်နေရဆဲ၊ ကယ်ဆယ်ရေး အလှူစားနပ်ရိက္ခာကို မျှော်လင့်နေရဆဲ ဖြစ်တာကို တွေ့ရပါတယ်။
ဘိုကလေးမြို့ကအပြန် ည ၁၀နာရီခွဲ ရှိတဲ့အချိန် ဘိုကလေး ဖျာပုံကားလမ်းနံဘေးမှာ ၀ါးထရံအပိုင်းအစတွေကို ခင်းပြီး အိပ်နေတဲ့ မိန်းမ၊ ယောက်ျား အများအပြားကိုလည်း တွေ့မြင်နေရဆဲပါ။ ကားလမ်းနံဘေးက ပြိုပျက်သွားတဲ့ အိမ်နေရာမှာ လူဝင်ရရုံဘက်၊ ပလတ်စတစ်စအမိုးအောက်မှာလည်း အိပ်နေကြတာ အပြည့်ပါပဲ။
မအိပ်နိုင်သေးတဲ့ ကျေးရွာသားတွေကလည်း ကားမီးရောင်တွေ့တဲ့အခါ ပုဂ္ဂလိက အလှူ့ရှင်ကားတွေများလားဆိုပြီး ချပေးမယ့် ဆန်နဲ့ အစားအစာကို လမ်းဘေး တလျှောက်မှာ လက်နောက်ပစ်ပြီးမျှော်လင့် နေကြတာကို တွေ့မြင်ခဲ့ရပါ တယ်။ ။
Thursday, June 5, 2008
မစိမ်းလန်း မလှပနိုင်တော့တဲ့ မိန်းမလှကျွန်း
Posted by koyinaw at 4:38 AM
Labels: news. photo
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment