06-06-2008
ကယ်ဆယ်ရေးပစ္စည်းများ ပုသိမ်ဆိပ်ကမ်းတွင် သောင်တင်နေစဉ်
လေဘေးကြောင့် ဒုက္ခရောက်သူ အရေအတွက် များခြင်း၊ ဧရိယာ ကျယ်ပြန့်ခြင်း၊ အစိုးရ လမ်းကြောင်းမှ ပို့သည့်ပစ္စည်းများ မဖြန့်ဝေနိုင်သေးခြင်း စသည့်အခြေအနေများကြောင့် ထောက်ပံ့ရေးပစ္စည်းများ အမှန်တကယ် လိုအပ်သူများလက်သို့ ရောက်သင့်သလောက် မရောက်ကြောင်း ပုဂ္ဂလိကကူညီကယ်ဆယ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတဦးက ပြောသည်။
၎င်းက “ထောက်ပံ့ကူညီရေး ပစ္စည်းတွေဟာ လမ်းကြောင်း (၃) ခုနဲ့ ဒုက္ခသည်တွေဆီ သွားနေ တယ်။ တခုက ကုလသမဂ္ဂ အိုင်အန်ဂျီအိုတွေက ဖြန့်ဝေတဲ့လမ်းကြောင်း၊ နောက်တခုက အစိုးရက တာဝန်ယူ ဖြန့်ဝေတဲ့လမ်းကြောင်း၊ နောက်တခုကတော့ ပုဂ္ဂလိကတွေ ကိုယ့်အစီအစဉ်နဲ့ ကိုယ့်ဖာ သာကိုယ် ဖြန့်ဝေနေကြတာ။ ဒီအထဲမှာ ကုလသမဂ္ဂနဲ့ အိုင်အန်ဂျီအိုတွေက ဖြန့်ဝေနေတာတွေဟာ ရောက်တော့ ရောက်တယ်၊ ဒါပေမယ့် နှေးတယ်၊ နောက် မနှံ့စပ်ဘူး” ဟု ပြောသည်။
ယခုကဲ့သို့ ထောက်ပံ့ရေးပစ္စည်းများ ဒုက္ခသည်များလက်သို့ အရောက်နှေးရခြင်းသည် အာဏာပိုင် များထံ လုပ်ထုံးလုပ်နည်းအရ အဆင့်ဆင့် တင်ပြအစီရင်ခံ မှတ်တမ်းယူရခြင်း၊ ခွင့်ပြုချက်ရမှ လုပ်ကိုင်ရခြင်းတို့ကြောင့်ဖြစ်ကြောင်း၊ အောက်ခြေမှ မြန်မာဝန်ထမ်းများကလည်း သက်ဆိုင်ရာ အာဏာပိုင်များ၏ ငြိုငြင်မှုကိုခံပြီး ဘာမှ မလုပ်ရဲသည့်အတွက်ကြောင့်ဖြစ်ကြောင်း စုံစမ်းသိရှိ ရသည်။
အဆိုပါကူညီကယ်ဆယ်ရေး လုပ်ငန်းလုပ်ကိုင်နေသူက “အစိုးရလမ်းကြောင်းက သွားတာတွေ ကတော့ ဘယ်သူတွေကို ဘယ်လို ဖြန့်ဝေနေသလဲ မသိနိုင်ဘူး။ ကျနော် ရောက်ခဲ့တဲ့ မြို့တွေမှာ တော့ အစိုးရ ထိန်းချုပ်ထားတဲ့ ဂိုဒေါင်တွေထဲမှာပဲ တွေ့ရတယ်။ ဒုက္ခသည်တွေကို မေးတော့လည်း အစိုးရဆီက ဘာမှမရဘူးဘဲပြောနေတယ်။ တကယ် ရောက်နေတာကတော့ ဘုန်းတော်ကြီးတွေ၊ လူပုဂ္ဂိုလ်တွေက ကိုယ့်အစီအစဉ်နဲ့ကိုယ် လေဘေးဒုက္ခသည်တွေဆီ အရောက်ပို့တာတွေပဲ ဖြစ် တယ်။ ဒါပေမယ့် တခုလုံး အတိုင်းအတာနဲ့ကျတော့ ဒီလောက် အင်နဲ့အားနဲ့ မတတ်နိုင်ဘူး” ဟု ပြောသည်။
ဘိုကလေးမြို့သို့ သွားရောက်ကူညီရေးလုပ်ခဲ့သူတဦးကလည်း ၎င်းတို့ ရောက်ရှိသွားသည့် ဘုရားကြီး ကယ်ဆယ်ရေးစခန်းနှင့် ကပ်လျက် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထိန်းချုပ် ထားသည့် ဂိုဒေါင်၌ နိုင်ငံတကာ ကူညီကယ်ဆယ်ရေးပစ္စည်းများကို တွေ့ရသော်လည်း ဒုက္ခသည်များမှာ မရရှိဘဲ ပုဂ္ဂလိက အလှူရှင်များ လာရောက်လှူဒါန်းသည့်ပစ္စည်းများသာ ရရှိကြောင်း ပြောသည်။
မြန်မာအစိုးရ သတင်းစာ၊ ရေဒီယိုနှင့် ရုပ်မြင်သံကြားတို့တွင် ရန်ကုန်လေဆိပ်သို့ နိုင်ငံတကာ အကူအညီများ မည်မျှရောက်နေပြီး အမြန်ဆုံး ဒုက္ခသည်များထံ ပို့ပေးနေသည်ဟု ကြေညာနေ သော်လည်း လက်တွေ့တွင် လိုအပ်ချက်များစွာ ရှိနေသေးကြောင်း ကုလသမဂ္ဂ အဖွဲ့အစည်းက ထုတ်ပြန်ထားသည်။
Friday, June 6, 2008
ထောက်ပံ့ရေးပစ္စည်းများ အပြည့်အ၀ မရောက်
Posted by koyinaw at 1:45 AM
Labels: news. photo
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment